အိမ်နှင့်မနီးမဝေးတွင် ကျေးလက်စာသင်ကျောင်းဆီမှ ကျောင်းတက်ခေါင်းလောင်းထိုးသံလေးကို သဲ့သဲ့ကြားလိုက်သည်။ ကျောင်းတံခါးမပိတ်ခင်အမှီ ရွာလည်လမ်းမကြီးကနေ အပြေးအလွှားပြေးလာနေသော အဖြူအစိမ်းဝတ်စုံများနှင့် ကျောင်းသား/သူများကို တွေ့နေရသည်။ ထို့နောက်တွင် စာသင်ခန်းများဆီမှ ဘုရားရှိခိုးသံ၊ စာအံသံများတို့နှင့်စည်စည်ဝေဝေထွက်လာခဲ့သည်။
နန်းသဲ၏ ဇာတိမွေးရပ်မြေလည်းဖြစ်သလို ရှမ်းနီလူမျိုးများအများဆုံးနေထိုင်ကြသော မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ဆောင်းနှောင်းကာလ လေရူးမြူးစ နွေဦးဝင်လုဝင်ခင်လေးတွင်လည်း လှနေပြန်သည်။ ဝါးထရံကာထားတဲ့ကျောင်း စာသင်ခန်းလေး ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ရင် ကျောင်းဝင်းတံခါးဘေးတစ်ဖက်တစ်ချက်ရှိ ရွက်စိမ်းများနဲ့ကုက္ကိုလ်ပင်လေးနှစ်ပင်က မနိမ့်မမြင့်တည်ရှိနေသည်။ အင်းတော်ကြီးကန်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ခုရဲ့ စာသင်ကျောင်းဖြစ်သည်။
အခုတော့ အဲ့ဒီကျောင်းရဲ့ခေါင်းလောင်းသံတွေလည်းတိတ်ဆိတ်လို့ဖြစ်နေသလို ကျောင်းဝန်းထရံတို့သည်လည်း ပေါက်ပြဲနေတော့သည်။ ကျောင်းသူ/သားလည်း တဖြည်း ဖြည်းကင်းမဲ့လာသည့်ကျောင်းဖြစ်နေတော့သည်။ ကျောင်းသားရာနှင့်ချီရှိသော ဒီကျောင်းက တိတ်ဆိတ်ဆိတ်ငြိမ်သက်နေသည်။
နန်းသဲနဲ့ သူငယ်ချင်းတို့ တစ်စုလုံးသည် တက္ကသိုလ်ဝင်တန်းဖြစ်တဲ့ Grade (12) (ခေါ်) ၁၂ တန်းကို တက်ရောက်သင်ကြားနေရပါသည်။ ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် စာရယ်လို့ ဟုတ်တိပတ်တိနှံ့နှံ့စပ်စပ် ပညာသင်ကြားခဲ့ရခြင်းမရှိဘဲ ကျောင်းဖွင့်ရက်များထက် ကျောင်းပိတ်ရက်တို့ဖြင့်သာ လူးကာလှိမ့်ကာ တစ်နှစ်ကုန်ဆုံးခဲ့ကြရသည်။ ဒါ့ပြင် အစိုးရစာသင်ကျောင်းမှာ (၇) တန်းအထိ ပညာသင်ကြားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်မှာ အခြေခံပညာ CDM ကျောင်းသားပြုလုပ်လိုက်ကြသည်။
CDM ပြုလုပ်ပြီးနောက်ပိုင်းတွင် NUG က အွန်လိုင်းကနေ ဖွင့်သည့် အွန်လိုင်းကျောင်းများတွင် ၈ တန်းမှ စပြီး ဆက်လက်ပညာသင်ကြားကြသည်။ နေအိမ်အခြေပြု အွန်လိုင်းပညာသင်ကြားမှုဖြစ်သည်။ အွန်လိုင်းမှ ပညာသင်ကြားခ ပေးဆောင်ရသည့် ကျောင်းလခသည် အနည်းငယ်သာရှိသော်လည်း ပြတ်တစ်လှည့် မရတစ်ကျော့ဖြစ်သည့် အင်တာနက်များကြောင့် Starlink ဂြိုလ်တုအင်တာနက်ကို အသုံးပြုပြီး သင်ကြားကြရသည်။ စတားလင့် အင်တာနက်သည် တစ်လလျှင် ကျောင်းသားတစ်ဦးတစ်သိန်းခွဲနှုန်းဖြင့် ပေးဆောင်ကြရသည်။ အင်းတော်ကြီးဒေသအတွင်းတွင် ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းများအား ဖြတ်တောက်ခြင်းခံထားရတာ တစ်နှစ်ခန့် ကြာမြင့်ခဲ့လေပြီဖြစ်သည့်အတွက်ကြောင့် (စတားလင့်) အင်တာနက်သာ သုံးစွဲရပါသည်။
“အွန်လိုင်းကနေအဆင်တော့သိပ်မပြေဘူး ညီမတို့ဆိုလိုင်းတွေလည်းပျက်တယ် စတားလင့် (starlink) တွေနဲ့သုံးရတယ် စတားလင့်က တစ်လကို တစ်ယောက်တစ်သိန်းခွဲဆောင်ရတယ် ဒီဘက်မှာ စတားလင့်ဖိုးတွေကစျေးကြီးတော့ တစ်ချို့ပိုက်ဆံမရှိတဲ့သူတွေဆို ပညာသင်ကြားချင်ပေမယ့်လည်း အခကြေးငွေမတတ်နိုင်လို့မသင်ကြတာမျိုးတွေရှိတယ်” လို့ နန်းသဲ ပြောပြသည်။
၂၀၂၃ ခုနှစ်မှ KIA+PDF ပူးပေါင်းတပ်များက နယ်မြေစိုးမိုးမှု ရရှိလာတာကြောင့် NUG ရဲ့ ပညာရေးကဏ္ဍမှာ အခကြေးငွေအနည်းငယ်ဖြင့် သင်ကြားရတဲ့ စာသင်ကျောင်းဖွင့်လှစ်ခဲ့ကြသည်။ အွန်လိုင်းကနေ ပညာမသင်ကြားနိုင်သော CDM ကျောင်းသား/သူများ ပညာသင်ယူခွင့်ပြန်လည်ရရှိခဲ့ကြပါသည်။
သင်ကြားရသည့်နေရာတွေကလည်း စာသင်ကျောင်းတွင်တော့မဟုတ်ဘဲ ။ နေအိမ်အခြေပြုပြီး သင်ကြားနေကြရသည်။ စာသင်ကျောင်းရယ်လို့ မည်မည်ရရ မရှိဘဲ နေအိမ်များကို ငှားရမ်းပြီး သင်ကြားကြသည့် ပုံစံဖြစ်သည်။ ယခုလဖေဖော်ဝါရီလကုန်လျှင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးဖြေဆိုရတော့မည်။ စာမေးပွဲမဖြေခင် ကျောင်းသား/သူများက လက်ရှိ ၁၂ တန်းစာမေးပွဲပြီးပါက အနာဂတ်အကြောင်းကိုတွေးကာ ပူပင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် တက်ရောက်နိုင် မည့်တက္ကသိုလ်များအကြောင်းမသိနေခြင်းပင်ဖြစ်သည်။
သင်ကြားပြသပေးနေတဲ့ ဆရာ/မများသည်ကား ပြည်တွင်းရှိ ကချင်လွှတ်မြောက်ရေးတပ်မတော်ထိန်းချုပ်နယ်မြေမှာ ဖွင့်လှစ်ထားသော မိုင်ဂျာယန်မြို့ရှိ ဖက်ဒရယ်ဥပဒေအကယ်ဒမီတက္ကသိုလ်၊ (သို့မဟုတ်) ထိုင်းနိုင်ငံရှိ တက္ကသိုလ်များနဲ့ အွန်လိုင်းတက္ကသိုလ်များကို တက်ရောက်နိုင်ကြောင်း ညွှန်းပေးခြင်းများရှိပါသည်။ သို့ပေသည့် သေသေချာချာရေရေရာရာရှိလှသည်တော့ မဟုတ်ပေ။မည်သည့်တက္ကသိုလ်သွားရမည်နည်း၊ မည်သို့ရှေ့ဆက်ရမည်နည်း။ (၁၇) နှစ်အရွယ်အတွေးတွေက အသက်နဲ့မမျှ ကြီးကျယ်ခဲယဉ်းလှပါ၏။စိတ်အစဉ် ပူပင်မိသား။
“ဆရာမတွေညွှန်းပေးတဲ့တက္ကသိုလ်က မိုင်ဂျာယန်တက္ကသိုလ်ရှိတယ် ချင်းမိုင် (ထိုင်းနိုင်ငံ) က တက္ကသိုလ်ရှိတယ်တဲ့ အွန်လိုင်းကနေတက္ကသိုလ်တွေလည်းအများကြီးချပေးတယ် ဦးစားပေးပြောတာကတော့ နိုင်ငံခြားထွက်ဖို့ကိုပြောတယ် မိဘတွေအနေနဲ့ကတော့လေ တောဘက်ကလည်းဖြစ်တယ် တောင်သူလယ်သမားတွေလည်းဖြစ်တာကြောင့်မို့ ကျွန်တော်တို့ကဦးဆောင်လုပ်သွားမှသူတို့က ငွေကြေးထောက်ပံ့ပေးတာမျိုးပဲတတ်တာပေ့ါ အခုကတီချယ်တို့ပြောကြတာက တက္ကသိုလ်ကနိုင်ငံခြားမှာ သွားတက်သင့်တယ်ပေါ့ ဒီလိုသွားတက်ဖို့ဆို ငွေရေးကြေးရေးတော်တော်လေးတောင့်မှ သွားနိုင်မှာပေါ့ ကျွန်တော်တို့ကျ မသွားနိုင်ဘူးလေ” ဟု မိဘများက တောင်သူတွေဖြစ်သည်သာမက ငွေရေးကြေးရေးအခက်အခဲတွေကြောင့် ပြည်ပတက္ကသိုလ်များသို့ မပို့ဆောင်နိုင်ဘူးဟု နန်းသဲ၏ကျောင်းသားအတန်းဖော် အိုက်ခမ်းက ညှိုးငယ်စွာဖြင့် ရင်ဖွင့်ပါသည်။
ရှမ်းနီဒေသရှိ ကျောင်းသားမိဘအများစုသည် ၎င်းတို့ကသာ ရေးတတ်၊ဖတ်တတ်ရုံမျှဖြင့် အတန်းပညာဝမ်းစာမပြည့်ဝခဲ့သော်လည်း သားသမီးများကိုတော့ဖြင့် ပညာရေးမှာ ဆုံးခန်းတိုင်စေချင်ကြသည်ချည်းပင်။ လယ်၊ ယာလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ကြသည့် မချောင်လည်ကြသော တောင်သူတွေဖြစ်သော်ငြား တတ်နိုင်သမျှဖြည့်ဆည်းပေးကြပါ၏။
သို့သော် မိဘများက မိုင်ဂျာယန်တက္ကသိုလ်သို့လည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မလွှတ်ရက်ပြန်။ မဖြစ်နိုင်။ ပြီးနောက် မိမိတို့သင်ကြားလေ့လာလိုသော ပညာရပ်ဘာသာများမရှိနေပေ။ မိုင်ဂျာယန်တက္ကသိုလ်ရှိ သင်ယူနိုင်သော ဘာသာရပ်များသည် နိုင်ငံရေးဆိုင်ရာဘာသာရပ်များနဲ့ ဥပဒေဆိုင်ရာ ဘာသာရပ်များသာဖြစ်သည့်အားလျော်စွာ မိမိတို့လေ့လာချင်သော ဘာသာရပ်များနဲ့ လားလားမျှမဆိုင်။ ဟိုယခင်က စိတ်ကူးယဉ်ခဲ့ဖူးသော ဆရာဝန်ဖြစ်ချင်သည့် နန်းသဲ၏ရည်မှန်းချက်၊ ကျောင်းဆရာဖြစ်ချင်သည့် အိုက်ခမ်း၏ရည်မှန်းချက်နဲ့ အတန်းဖော်တို့၏ရည်မှန်းချက်အနာဂတ်လမ်းစတွေသည် မိုးတိုးမှောင်တောင် ဝါးတားတားမျှသာ ကျန်ရှိနေတော့သည်။ လက်နက်ကိုင်တိုက်ပွဲများနဲ့ အာဏာရှင်များအကြား မြေစာပင်လေးများ ဖြစ်မှန်းမသိ ဖြစ်နေပေပြီ။
“အရင်ကဆို ဆရာဝန်ဖြစ်ချင်တယ် ခုနောက်ပိုင်းအာဏာသိမ်းပြီးနောက်တော့ ဘယ်ဟာမှမသေချာ အတည်တကျမရှိတော့ဘူးဆိုတော့ ဘဝရည်မှန်းချက်ဆိုတာကြီးက မရှိတော့ဘူး ဘာကိုမှ မမျှော်လင့်ရဲတော့ဘူး အခု Online Businesses (အွန်လိုင်းစီးပွားရေးလုပ်ငန်းများ) တွေ သူများလုပ်နေတာမြင်တော့ လုပ်ချင်စိတ်ပေါ်တယ် အေ့လောက်ပဲရှိတော့တယ်ရှင်’ ဟု နန်းသဲက စိတ်ပျက်ညီးညူနေသည်။
(၁၂) တန်းမည်သော တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးပြီးသွားလျှင် မိမိတို့ရဲ့ငယ်ဘဝ အတန်းပညာရေးက အဆုံးသတ်သွားတော့မည်လားလို့ သူတို့တွေက မေးခွန်းပြန်ထုတ်နေကြပါတော့သည်။