(CDM ၄ နှစ်ပြည့် )
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးချယ်ထားတဲ့အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့စစ်တပ်ကို နိုင်ငံ့ဝန်ထမ်းအများစုက အကြမ်းမဖက် အာဏာဖီဆန်ရေး) Civil Disobedience Movement – CDM) လုပ်ဆောင်ခဲ့တာ အခု ၂၀၂၅ ဖေဖော်ဝါရီလ ၈ ရက်မှာ (၄) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
သယံဇာတ များများစားစားမရှိ၊ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေမရှိတဲ့ အလုပ်အကိုင်ရှားပါးတဲ့ ချင်းပြည်နယ်မှာ ခေတ်အဆက်ဆက် လူအများစုက မက်မောတဲ့အလုပ်အကိုင်ဟာ ရေရှည်တည်မြဲတဲ့ အာမခံချက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်း (အစိုးရဝန်ထမ်း) အလုပ်ပဲဖြစ်ပါတယ်။ ၂၀၂၁ အာဏာမသိမ်းခင်အထိ ချင်းပြည်နယ်မှာ အစိုးရဝန်ထမ်းအလုပ် တနေရာရဖို့အတွက်ကို ဌာနဆိုင်ရာလူကြီးတွေကို အလုပ်လျှောက်သူတွေက လာဘ်ငွေပေးမှု အများအပြားရှိခဲ့တဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။
ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကျော်သံနဲ့အတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို အစိုးရဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) ဟာ အာဏာသိမ်းစစ်ကောင်စီ မမျှော်လင့်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ CDM ၀န်ထမ်းတွေဟာ ရုံးမတက်ပဲ ပြည်သူလူထုနဲ့အတူ လမ်းပေါ်မှာ ရုန်းထွက်လာခဲ့ပါတယ်။
ချင်းပြည်နယ်က အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအများစုဟာ CDM လှုပ်ရှားမှုမှာ အင်နဲ့အားနဲ့ ပါဝင်ခဲ့တဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ ပြည်နယ်အလိုက် CDM ပြုလုပ်မှု လူဦးရေစာရင်း ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၅၅၃၂၊ ကယားပြည်နယ်မှာ ၇၀၀၀၊ ကရင်ပြည်နယ်မှာ ၁၀၀၀၀၊ မွန်ပြည်နယ်မှာ ၇၀၀၀၊ ရှမ်းပြည်နယ်မှာ ၈၅၁၁ ဦးဖြစ်ပြီး ချင်းပြည်နယ်မှာ ၁၄၅၉၁ ဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးများထဲမှာ ချင်းပြည်နယ်ဟာ ဒုတိယမြောက် လူဦးရေအနည်းပါးဆုံးပြည်နယ် အဆင်းရဲဆုံးပြည်နယ်ဖြစ်သော်လည်း CDM ပြုလုပ်မှု အများဆုံးပြည်နယ်တစ်ခုဖြစ်ခဲ့ပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ၇၀၀ ကျော်၊ ထန်တလန်မြို့နယ်မှာ ၁၄၀၀ ကျော်၊ ဟားခါးမြို့နယ်မှာ ၂၉၅၄ ဦး၊ မင်းတပ်မြို့နယ်မှာ ၂၇၀၀ ကျော်၊ ပလက်ဝမြို့နယ်မှာ ၁၄၆ ဦး၊ တီးတိန်မြို့နယ်မှာ ၁၂၂၅ ဦး၊ တွန်းဇံမြို့နယ်မှာ ၇၇၄ ဦး၊ ဖလမ်းမြို့နယ် ၁၉၈၀ ဦး၊ မတူပီမြို့နယ် ၁၆၃၀ ဦးရှိပြီး စုစုပေါင်း ၁၄၅၉၁ ဦးက CDM ပြုလုပ်ခဲ့ပါတယ်။
ချင်းပြည်နယ်မှာ အစိုးရဝန်ထမ်း စုစုပေါင်း ၂၀,၀၀၀ ကျော်ရှိသည့်အနက် ၁၄,၀၀၀ ကျော်က CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့တွက် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ပါတယ်။
CDM လှုပ်ရှားမှုတွင် ပါဝင်ပြီးနောက် အချိန်ကာလအနည်းငယ်အကြာမှာ လုပ်ငန်းပြန်ဝင်တဲ့ ဝန်ထမ်းများလည်း ရှိလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မတ်လအထိ ချင်းပြည်နယ်ကလွဲလို့ တခြား ပြည်နယ်/တိုင်းဒေသကြီးတွေမှာ လုပ်ငန်းခွင်ပြန်ဝင်တဲ့ ရာခိုင်နှုန်းဟာ ၆၀ ရာခိုင်နှုန်းအထိရှိတယ်လို့ CDM စာရင်းပြုစုသူ ကျောင်းအုပ်ဆရာမကြီးတစ်ဦးက ဆိုပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) ပါဝင်ရာကနေ စစ်အာဏာသိမ်း ၁ နှစ်အကြာ /၂ နှစ်အကြာမှာ တခြားပြည်နယ်/တိုင်းဒေသကြီးတွေမှာ လုပ်ငန်းခွင် ပြန်ဝင်ရောက်တဲ့ Non CDM များလာပေမယ့် ချင်းပြည်နယ်မှာတော့ လုပ်ငန်းခွင်ပြန်ဝင်ရောက်တဲ့ CDM ဝန်ထမ်းကနေ Non CDM ဝန်ထမ်း ပြန်ဖြစ်တာမျိုး မရှိသလောက်နီးနီးဖြစ်ကာ CDM လှုပ်ရှားမှုမှာ ချင်းပြည်နယ်က CDM ဝန်ထမ်းတွေဟာ အဆုံးထိ တောင့်ခံပါဝင်ခဲ့ကြပါတယ်။
စစ်ကောင်စီအုပ်ချုပ်မှု လက်အောက်က အစိုးရလုပ်ငန်းယန္တရားတွေ လည်ပတ်နိုင်အောင် စစ်ကောင်စီရဲ့ အလုပ်ပြန်ဝင်ဖို့ ဖိတ်ခေါ်မှုကို လျစ်လျူရူပြီး ချင်းပြည်က CDM ဝန်ထမ်းတွေက Non CDM မလုပ်ပဲ တောင့်ခံခဲ့ကြပါတယ်။
အာဏာသိမ်း ၄ နှစ်တာကာလအတွင်းမှာ ချင်းပြည်နယ်က CDM ဝန်ထမ်းတချို့ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ပြီး တွန်းလှန်တိုက်ခိုက်နေကြပါတယ်။ အာဏာသိမ်း ၄ နှစ်တာကာလအတွင်းမှာ ချင်းပြည်နယ်က CDM ဝန်ထမ်းအများစုဟာ မြန်မာပြည်တွင်းနဲ့ မီဇိုရမ်ပြည်နယ်မှာ အလုပ်လက်မဲ့ဘဝနဲ့ အလုပ်မရှိတဲ့အချိန်တွေများစွာ ကျော်ဖြတ်ခဲ့ရသလို ကြုံရာကျပန်း ရရာအလုပ်လုပ်ကိုင်ရင်း ခက်ခဲစွာ အသက်မွေးခဲ့ကြရပါတယ်။
ချင်းပြည်နယ်က CDM ၀န်ထမ်းများထဲမှာ CDM ဝန်ထမ်းတွေကို စစ်ကောင်စီက Black list လုပ်ကာ နိုင်ငံကူးလက်မှတ် လုပ်ဆောင်ခွင့်ပိတ်ပင်ခြင်း၊ လေဆိပ်မှာ ဖမ်းဆီးတာတွေကြောင့် အဖမ်းခံခဲ့ရသူတွေရှိသလို အောက်လမ်းကနေ နယ်စပ်ကနေ နိုင်ငံခြားကို တရားမဝင် ထွက်သွားသူတွေလည်း အများအပြားရှိခဲ့ပါတယ်။
အလုပ်အကိုင်ရှားပါးကာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ ၂၀၂၁ အာဏာမသိမ်းခင်ကာလက အစိုးရဝန်ထမ်းအလုပ်ဟာ ရေရှည်အာမခံချက်ပေးတဲ့အလုပ်ဖြစ်တာကြောင့် မက်မောစရာအကောင်းဆုံးအလုပ်ဖြစ်ခဲ့ပေမယ့် ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုပြီးနောက်မှာတော့ ရွံစရာအလုပ်လိုဖြစ်လာခဲ့ပါတယ်။
တချို့ CDM ဝန်ထမ်းတွေဟာ သူတို့လုံခြုံရေးအရ ချင်းပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်ကြတာတွေရှိသလို တိုက်ပွဲတွေကြောင့် တောတောင်တွေကြား ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် CDM ဝန်ထမ်းတွေလည်း များစွာရှိခဲ့ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားခဲ့တဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီဖက်က အလုပ်ဖြုတ်တာတွေ ဖမ်းဆီးတာတွေ ခြိမ်းခြောက်တာတွေလုပ်တာ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။
လူငယ်ပိုင်းဝန်ထမ်းတချို့ဟာ CDM လုပ်ပြီး ပြင်ပကုမ္ပဏီ၊ အခြား စတဲ့ လုပ်ငန်းခွင်တွေမှာ ရရာအလုပ်အကိုင်ရှာသော်လည်း လုပ်ငန်းပိုင်ရှင်များက CDM ဝန်ထမ်းများကြောင့် လုပ်ငန်းတွင် အန္တရယ်ကျမည်ကို စိုးရိမ်တာမျိုး စတာတွေကြောင့် အလုပ်အကိုင်ပေးခြင်းမျိုး မလုပ်ရဲတာမျိုးတွေကို CDM ဝန်ထမ်းအချို့က ကြုံတွေ့ခဲ့ရပါတယ်။
CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို ပြည်တွင်း/ပြည်ပက အလှူရှင်ပြည်သူတွေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က အစောပိုင်းမှာ အနည်းငယ်ထောက်ပံ့ပေးတာတွေရှိခဲ့ပေမယ့် ကာလကြာရှည်တာနဲ့အမျှ ထောက်ပံ့ပေးတာတွေ မရှိတော့ပါဘူး၊ အခုဆိုရင် အာဏာသိမ်းတာ ၄ နှစ်ကြာလာတဲ့အချိန် CDM လှုပ်ရှားမှု ၄ နှစ်တာကြာလာတဲ့အချိန် CDM ဝန်ထမ်းတွေကို ထောက်ပံ့ဖို့ဆိုတာ ဘယ်သူမှ စိတ်မဝင်စားတော့တဲ့ အခြေအနေဖြစ်သွားပါပြီ။ CDM ဆိုတာ ရုံးမတက်နဲ့ရုန်းထွက်ဆိုတာ၊ ပြည်သူတွေက ကျွေးထားမှာဆိုတဲ့ ကြွေးကြော်သံတွေကို ပြည်သူအများဟာ သူတို့ရဲ ဘဝအမောတွေအကြားမှာ မေ့သွားပါပြီ။
CDM လုပ်ဖို့ လှုံဆော်ခဲ့တဲ့ နိုင်ငံရေးသမားတွေ၊ ထင်ရှားကျော်ကြားသူတွေကော CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို မေ့သွားပြီလား၊ အခုအချိန်မှာ CDM အကြောင်း ဆွေးနွေးပွဲလုပ်မယ်ဆိုရင် ပါချင်ကြပါ့မလား?
စစ်အာဏာမသိမ်းခင် ယခင်ပညာသင်နှစ်များက ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ ကျောင်းသူ/ ကျောင်းသား တစ်သောင်းကျော်ခန့်က ပုံမှန်ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၂ ထောင်ကျော်သာရှိကာ အာဏာမသိမ်းခင်ကထက် အရေအတွက်များစွာ လျော့သွားခဲ့ပါတယ်။
ချင်းပြည်နယ်မှာ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၂၂၅၉) ဦးရှိတဲ့အနက် (၆၀၅) ဦး အောင်မြင်ခဲ့၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ချင်းပြည်နယ်ကနေ ကျောင်းသူ၊ ကျောင်းသား (၂၈၂၄) ဦးဖြေဆိုခဲ့ပြီး ( ၂၀၄၅) ကအောင်မြင်ခဲ့၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ချင်းပြည်နယ်ကနေ ကျောင်းသူ၊ ကျောင်းသား ၄၃၅ ဦး ဖြေဆိုတဲ့ထဲ (၃၃၈) ဦး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
ချင်းပြည်နယ်မှာ CDM လှုပ်ရှားမှူမှာ အစိုးရဝန်ထမ်းတွေ အများစုသာမကပဲ အခြေခံပညာ ကျောင်းတက်နေတဲ့ ကျောင်းသား/ ကျောင်းသူတွေပါ CDM လှုပ်ရှားမှုထဲ ပါဝင်သလိုဖြစ်ခဲ့ပါတယ်။ ၂၀၂၁ နှစ်ကစပြီး ချင်းပြည်မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ အများအပြား ပေါ်ထွန်းလာပြီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲများစွာဖြစ်လာခဲ့လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ ပေါ် နေရာတွေကလွဲရင် ချင်းပြည်သူအများစုနေထိုင်တဲ့ ကျေးလက်ဒေသက ကျောင်းအများစု ပိတ်သွားပါတယ်။
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ လုံခြုံရေးအခြေအနေအရ အခြေခံပညာကျောင်းများစွာ မဖွင့်လှစ်နိုင်ခြင်း၊ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်တဲ့ ပညာရေးဆရာ/ဆရာမ အင်အားနည်းပါးလာခြင်း၊ အာဏာသိမ်းကာစနှစ်တွေမှာ စစ်ကျွန်ပညာရေးဆိုတဲ့အသံတွေကြောင့် စစ်ကောင်စီလက်အောက်က ကျောင်းတွေမှာ ကျောင်းသားမိဘတွေက ကျောင်းမထားလိုခြင်းတို့ကြောင့် အာဏာမသိမ်းခင်က အခြေခံပညာ ကျောင်းသား/သူ ၅ သောင်းလောက်ရှိတဲ့ ချင်းပြည်နယ်မှာ အာဏာသိမ်းပြီးနောက် ၁ သောင်းတောင် မပြည့်တော့ဘူးလို့ ပြည်နယ်ပညာရေးရုံးဝန်ထမ်းတချို့ဆီက သိရပါတယ်။
ချင်းပြည်နယ် မြို့နယ်အချို့မှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာဆိုရင် စနစ်သစ် သင်ရိုးတွေနဲ့ ကျောင်းသား/ ကျောင်းသူတွေကို ပညာသင်ကြားပေးတာမျိုးတွေ ရှိပါတယ်။ အဲဒီမှာ CDM လုပ်တဲ့ ကျောင်းဆရာ/မ တွေ ဝင်ရောက်အားဖြည့်လျက်ရှိပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိ ၄ နှစ်နီးပါးရှိလာတဲ့အချိန်မှာ ချင်းပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တချို့မှာကော ချင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာကော ၁ နှစ်ပြီး ၁ နှစ် ကျောင်းတက်သူ ကျောင်းသား/သူ ဦး ရေ ပိုမိုနည်းပါးလာပြီး ပိတ်ရတဲ့ အခြေခံပညာကျောင်းများအရေအတွက် ပိုများလာတယ်လို့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတချို့နဲ့ ချင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတချို့ဆီက သိရပါတယ်။
ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်မှာ စစ်ကောင်စီလက်အောက်မှာ အခြေခံပညာကျောင်းပေါင်း ၁၅၅၁ ကျောင်းရှိတဲ့အထဲ ပြည်နယ်တဝန်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒီနှစ် ၂၀၂၄ ခုနှစ်ပညာသင်နှစ်မှာ အခြေခံပညာကျောင်း ၁၅၀၀ ကျော် ပိတ်ထားရတယ်လို့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတချို့ဆီက သိရပါတယ်။
ချင်းပြည်နယ်မှာ ၂၀၂၄ – ၂၀၂၅ ခုနှစ် ပညာသင်နှစ်အစောပိုင်းက အခြေခံပညာစာသင်ကျောင်းတွေ ၃၈ ကျောင်း ဖွင့်လှစ်ခဲ့ပြီး တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတာတွေကြောင့် တချို့ကျောင်းတွေ ပြန်ပြီး ဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။
မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ လက်ရှိမှာ ဖလမ်းနဲ့ထန်တလန်မြို့တွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွါးနေပြီး ဟားခါးမြို့နဲ့ တီးတိန်မြို့မှာသာ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်တာလို့လည်း သိရပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ၃/၄ နှစ်အတွင်း ပညာရေးနယ်ပယ်မှာ အရင်ကတည်းက အားနည်းခဲ့တဲ့ ချင်းပြည်နယ်မှာ ကျောင်းတက်သူ သိသိသာသာ နည်းပါးလာပြီး ကျောင်းနေအရွယ် ဆယ်ကျော်သက် ချင်းလူငယ်အတော်များများမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထဲဝင်ရောက်ခြင်း၊ အိမ်ထောင်ပြုသွားခြင်း/ နိုင်ငံရပ်ခြားထွက်အလုပ်လုပ်ဖို့ ကြိုးစားလာကြကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်းများထံမှ သိရပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရဟာ ချင်းပြည်နယ်မှာ မြို့ ပေါ် တွေမှာတောင် ဌာနပေါင်းစုံမလည်ပတ်နိုင်ပဲ အဓိက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (ထွေအုပ်) ဖွင့်နိုင်ရုံသာ မနည်းလည်ပတ်ခဲ့ရာမှ ချင်းပြည်နယ်မှာ ၁ နှစ်ပြီး ၁ နှစ် စစ်ကောင်စီထိန်းချုပ်နိုင်တဲ့ မြို့ အရေအတွက် ပိုမိုလျော့ပါးလာခဲ့ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ ၂ မြို့ကို ထပ်လက်လွှတ်ခဲ့ရကာ အခုဆိုရင် ဟားခါးနဲ့ တီးတိန်မြို့မှာသာ စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာရုံးလုပ်ငန်းအနည်းငယ်နဲ့ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပါတော့တယ်။
နောင် ချင်း တော်လှန်ရေး အောင်မြင်တဲ့အချိန်မှာ ၂၀၂၁ မြန်မာစစ်တပ်အာဏာသိမ်းတုန်းက ချင်းပြည်နယ်က ၁ သောင်းခွဲခန့်ရှိတဲ့ ဝန်ထမ်းတွေက ချင်းပြည်နယ်မှာ တခုတည်းရှိတဲ့ မက်စရာ၀န်ထမ်းအလုပ်ကို အလုပ်ပြုတ်ခံ၊ ဘဝပျက်ခံပြီး CDM လုပ်ပြီး စစ်ကောင်စီအုပ်ချုပ်ရေး မလည်ပတ်နိုင်အောင် စလုပ်ခဲ့တာ သမိုင်းအဖြစ် ကျန်နေမှာဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ စစ်ကောင်စီကို ချင်းလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ မတော်လှန်ခင်မှာ ချင်းပြည်နယ်က ပြည်သူ့ဝန်ထမ်းတွေက အရင်ဆုံး တော်လှန်ခဲ့တာပါ။
ချင်းပြည်နယ်မှာ လက်ရှိမှာ ဟားခါး၊ တီးတိန် ၂ မြို့မှာသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့နယ်အားလုံးကို ချင်းလက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားပါတယ်။