စစ်ကောင်စီက လူမျိုးရေးအမုန်းတရားများ ဖြစ်ပွားစေရန်ရည်ရွယ်ပြီး မွတ်ဆလင်များအား စစ်တွေမြို့နယ်ရှိ ရခိုင်နေအိမ်များအား ဖြိုဖျက်ခိုင်းပြီး မြို့ပေါ်၌ ထင်းအဖြစ် ရောင်းစားခိုင်းနေ

စစ်ကောင်စီက လူမျိုးရေးအမုန်းတရားများ ဖြစ်ပွားစေရန်ရည်ရွယ်ပြီး မွတ်ဆလင်များအား စစ်တွေမြို့နယ်ရှိ ရခိုင်နေအိမ်များအား ဖြိုဖျက်ခိုင်းပြီး မြို့ပေါ်၌ ထင်းအဖြစ် ရောင်းစားခိုင်းနေ

လူမျိုးရေးအမုန်းတရားနှင့် ပဋိပက္ခများ ဖြစ်လာစေရန်ရည်ရွယ်ပြီး စစ်ကောင်စီသည် သူတို့နှင့်နီးစပ်သည့် မွတ်ဆလင်များအား စစ်တွေမြို့နယ်အတွင်းရှိ ရခိုင်ကျေးရွာ (၁၇) ရွာမှ နေအိမ်များအား ဖြိုဖျက်ခိုင်းကာ စစ်တွေမြို့ပေါ်တွင် ထင်းအဖြစ် ရောင်းစားခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။

စစ်တွေမြို့နယ်က အရပ်လူကြီးတစ်ဦးက “စစ်ကောင်စီတပ်က နည်းမျိုးစုံနဲ့ လူမျိုးရေးအမုန်းတရားတွေ ပွားအောင်လုပ်နေတယ်။ တစ်ဖက်မှာလည်း ပဋိပက္ခတွေဖြစ်အောင် နည်းမျိုးစုံနဲ့ ကြံဆောင်နေတယ်။ လက်ရှိ ရခိုင်ကျေးရွာ ၁၇ ရွာက နေအိမ်တွေကို မွတ်ဆလင်တွေကို ဖြိုဖျက်ခိုင်းပြီး ထင်းအဖြစ်ပြုလုပ်ကာ စစ်တွေမြို့ထဲမှာ ရောင်းချခိုင်းတယ်။ မသယ်နိုင်တဲ့ သစ်တွေကို မီးသွေးဖုတ်ခိုင်းပြီး ရောင်းချနေတယ်။ တကယ့်ကို မလုပ်သင့် မလုပ်အပ်တဲ့ဟာတွေကို လုပ်နေပါတယ်” ဟု ပြောသည်။

စစ်တွေမြို့ပြင်ရှိ  ရခိုင်ကျေးရွာ ၁၇ ရွာမှ ရွာသားများ လုံခြုံရေးအကြောင်းပြချက်ဖြင့် နှင်ထုတ်ထားပြီး လူသူမရှိဖြစ်နေစဉ် မွတ်ဆင်များအား နေအိမ်များကို ဖြိုဖျက်ခိုင်းကာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပေါ်လစီကို ကျင့်သုံးနေသည်ဟု ၎င်းက ဆက်လက်သုံးသပ်ပြောဆိုသည်။

“ဒီလို အနှစ်နှစ်အလလ စုဆောင်းထားတဲ့ ချွေးနည်းစာနဲ့ ဆောက်ထားတဲ့ ကိုယ့်အိမ် ကိုယ့်ယာကို ဖြိုဖျက်တာမြင်ရတော့ အိမ်ပိုင်ရှင်တွေက ဘယ်သည်းခံနိုင်ပါ့မလဲ။ စစ်ကောင်စီကတော့ လူမျိုးနှစ်မျိုးကြားမှာ အမုန်းတရားတွေ ပွားအောင်လုပ်နေတာသာမက တစ်ဖက်မှာလည်း အိမ်တွေကို ဖြိုရောင်းတော့ ပိုက်ဆံရတာပေါ့။ တချက်ခုတ် နှစ်ချက်ပြတ် ပေါ်လစီနဲ့ လုပ်နေတာ” ဟု သုံးသပ်ပြောဆိုသည်။

၎င်းကျေးရွာ (၁၇) ရွာမှာ ပလ္လင်ပြင်ရွာ၊ အောင်တိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ငယ်၊ အုန်းရေဖော်၊ ပျားလည်ချောင်း၊ သင်းပုန်းတန်း၊ မောင်နီပြင်၊ အမြင့်ကျွန်း၊ ဗျိုင်းဖြူ၊ ကျေးတော၊ ရွှေပြည်သာ၊‌ ကျောက်တန်း၊ ကျားမ‌သောက်၊ ပါတလိပ်၊ ရေချမ်းပြင် စသည့်ကျေးရွာများဖြစ်ကြပြီး ကျေးရွာသားများကို  ၂၀၂၄ နှစ်လယ်ပိုင်းနှင့် ၂၀၂၅ နှစ်ဆန်းအတွင်း နှင်ထုတ်ထားခဲ့သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် အဆိုပါ ရခိုင်ကျေးရွာအချို့တွင် တပ်စွဲထားပြီး နေအိမ်များကို ဖြိုဖျက်ရောင်းချရငွေများဖြင့် သောက်စားပျော်ပါးနေကြသည်ဟု ဒေသခံများကပြောသည်။

စစ်တွေမြို့ခံလူကြီးတစ်ဦးက "စစ်တွေမြို့အနီးမှာ စစ်ကောင်စီက နှင်ထုတ်ထားတဲ့ ကျေးရွာတွေကလူနေအိမ်‌တွေကို စစ်တပ်က မွတ်ဆလင်‌တွေကိုခေါ်ပြီး ရောင်းချတယ်။ မွတ်ဆလင်တွေက အိမ်တွေကိုဖြိုဖျက်ပြီး သစ်တွေကို ထင်းအဖြစ်လုပ်ပြီး စစ်တွေမြို့ပေါ်က ရခိုင်တွေကို လာရောင်းချနေကြတယ်။ စစ်တွေမှာ လျှပ်စစ်မီးမရတော့ ထင်းနဲ့ မီးသွေးက စျေးကောင်းရနေတော့ အခု လုပ်စားနေကြတာ" ဟု ပြောသည်။

စစ်တွေမြို့ပြင်ရှိ ကျေးရွာများတွင်သာမက မြို့ထဲနှင့် ဆင်ခြေဖုံးရပ်ကွက်တွင်လည်း စစ်ရှောင်သွားခဲ့ကြသည့် လူမနေသည့် နေအိမ်များကိုလည်း တချို့မသမာသူများက ဖြိုဖျက်ကာ ထင်းအဖြစ် ရောင်းချမှုများရှိနေပြီး ထိုသို့ပြုလုပ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့များလည်း ပူးပေါင်းပါဝင်မှုရှိသည်ဟု ဒေသခံများက ပြောကြားသည်။

တကျော့ပြန်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစပြီး ယ‌နေ့အထိ စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်လျက်ရှိနေရာ ချက်ပြုတ်ရေးတွင် ထင်းနှင့် မီးသွေးကို အသုံးပြုနေကြရာမှ ထင်းနှင့် မီးသွေးမှာ အထူးစျေးကောင်းရနေသည်ဟု သိရသည်။

ထိုသို့ ဖြိုဖျက်ရောင်းချနေကြသဖြင့် တချို့ကျေးရွာများတွင် အိမ်များ ပြောင်တလင်းခါသွားပြီဟု ကျေးရွာသားတစ်ဦးက ပြောသည်။

"စစ်ကောင်စီက စစ်တွေမြို့ကို AA သိမ်းပိုက်မှာကို အလွန်အကြောက်လွန်‌နေကြတာ။ မြို့အနီးက ကျေးရွာ ၁၇ ရွာကို ဖယ်ရှားခိုင်းခဲ့ကြတာပါ။ အိမ်တွေရှိရင် AA တွေ ခိုအောင်းနိုင်တယ်ဆိုပြီး အကြောင်းပြပြီး ဖြိုခိုင်းတာ။ လူနေအိမ်တွေကို မွတ်ဆလင်တွေကို လက်ညိုးထိုးပြီး စစ်တပ်က ရောင်းချတာ။ တိုင်တွေ၊ ပျဉ်တွေကို မွတ်ဆလင်တွေက သယ်သွားတာလည်းရှိတယ်။ စစ်တပ်ထဲကို သယ်သွားတာလည်းရှိတယ်။ မသယ်နိုင်တဲ့ သစ်တွေကို ခွဲပြီး ထင်းလုပ်ကြတာ။ ပြီးရင် မြို့ထဲထိ သွားရောင်းချနေကြတာပါ" ဟု ပြောဆိုသည်။

စစ်တွေမြို့တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်းမရှိသေးသော်လည်း တချို့နေရာများတွင် စစ်ဆိုင်ထားကာ စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု သတင်းရရှိသည်။

April 11, 2025
ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ၁၈ဝ ကျော်ရှိခဲ့သည်ဟု...
April 10, 2025
မောင်တောတိုက်ပွဲအတွင်း တိမ်းရှောင်ခဲ့ကြသည့် မွတ်ဆလင်စစ်ဘေးရှောင်များအား အာရက္ခတပ်တော် (AA) မှ...
Source and Photos: AMP
April 9, 2025
အာရက္ခနိုင်ငံတည်ဆောက်ရေးမှာ မည်သူမဆို လူမျိုးဘာသာမခွဲခြားဘဲ ပါဝင် ဆောင်ရွက်နိုင်ကြောင်း...
April 8, 2025
ရခိုင်-ပဲခူးအစပ် ရိုးပေါ်ရှိ ညောင်ကျိုးတိုက်ပွဲအတွင်းမှ ထွက်ပြေးပျောက်ဆုံးနေသည့်...