ရန်ကုန်တွင် ဧည့်စာရင်းစစ်ရင်း မှတ်ပုံတင်ကတ်များ သိမ်းဆည်းပြီး စစ်မှုထမ်းရန် အကြပ်ကိုင်မှုများရှိ

ရန်ကုန်တွင် ဧည့်စာရင်းစစ်ရင်း မှတ်ပုံတင်ကတ်များ သိမ်းဆည်းပြီး စစ်မှုထမ်းရန် အကြပ်ကိုင်မှုများရှိ
ရန်ကုန်မြို့တွင်ကျင်းပသည့် ရေကျော်ပွဲစျေးအတွင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် လည်ပတ်နေကြသည့် ရန်ကုန်မြို့နေပြည်သူများ (ဓာတ်ပုံ-AFP)
ရန်ကုန်မြို့တွင်ကျင်းပသည့် ရေကျော်ပွဲစျေးအတွင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် လည်ပတ်နေကြသည့် ရန်ကုန်မြို့နေပြည်သူများ (ဓာတ်ပုံ-AFP)

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ဧည့်စာရင်းစစ်ရင်း မှတ်ပုံတင်ကတ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိမ်းဆည်းပြီး စစ်မှုထမ်းဆောင်ရန် အကြပ်ကိုင်နေကြောင်း မြို့ခံများနှင့် ရန်ကုန်တွင်း ကင်းထောက်ကွန်ရက်အဖွဲ့ (Rangoon Scout Network) ထံက သိရသည်။

ယခု ဇန်နဝါရီလ ဒုတိယနှင့် တတိယအပတ်အတွင်း ပုဇွန်တောင်၊ မြောက်ဒဂုံ၊ တောင်ဒဂုံနှင့် မင်္ဂလာတောင်ညွှန့် စသည့်မြို့နယ်များတွင် လုပ်ဆောင်နေခြင်းဖြစ်ပြီး အကြောင်းရင်းမရှိ သိမ်းဆည်းသွားပြီး ရပ်ကွက်ရုံးသို့ သွားရောက်ရွေးယူသည့်အခါတွင်လည်း စစ်မှုထမ်းရန် ဖိအားပေးနေကြောင်း ကြုံတွေ့ရသူများက ဆိုသည်။

“လွန်ခဲ့တဲ့နှစ်ရက်က ဧည့်စာရင်းဆိုပြီး မှတ်ပုံတင်တွေပြခိုင်းတယ်။ ပြီးတော့ သိမ်းသွားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အဲ့ဒီလို သိမ်းခွင့်ရှိလား။ ပိုက်ဆံနဲ့သွားရွေးတော့လည်း မှတ်ပုံတင်သိမ်းထားတဲ့သူတွေထဲက ကြိုက်တဲ့တယောက်က စစ်မှုထမ်းရမယ်ပြောလို့ ခုထိ ဘယ်သူမှ သွားမရွေးရဲကြဘူး” ဟု စစ်တပ်ထောက်ခံသူတဦးက မဇ္စျိမကို ပြောသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ကျီတော်ရပ်ကွက်၊ မဟာဘောဂလမ်းတွင်းတွင်မူ စစ်ကောင်စီတပ်သားများနှင့် အုပ်ချုပ်ရေးမှူးတို့က ပြီးခဲ့သည့် (ဇန်နဝါရီလ ၂၅ ရက်နေ့) ညပိုင်းလောက်တွင် ဧည့်စစ်၀င်ရာတွင် အသက်ပြည့်သည့် အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၈ ဦးကို မှတ်ပုံတင်သိမ်းသွားခဲ့သည်ဟု မင်္ဂလာတောင်ညွှန့် ကင်းထောက်အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ မှတ်ပုံတင် အသိမ်းခံရသူများအနက် ၈ ဦးကို ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းတွင် ရပ်ကွက်ရုံးထံ၌ စစ်မှုထမ်းဖောင်ဖြည့်ခိုင်းကြောင်း သိရသည်။

အဆိုပါမြို့နယ်များတွင် စစ်မှုထမ်းရန် အကြပ်ကိုင်မှုများရှိသလို အခြားမြို့နယ်အချို့တွင်လည်း မှတ်ပုံတင်ကတ်ကို သိမ်းဆည်းပြီး နောက်ရက်တွင် ငွေညစ်နေမှုများလည်းရှိကြောင်း Rangoon Scout Network မှ တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

“မှတ်ပုံတင်ယူသွားပြီး နောက်နေ့မနက်မှာ ဒဏ်ကြေးလာထည့်ဆိုပြီး ငွေညစ်တာ။ ပုံသေတော့ မရှိပါဘူးဗျ။ ဒေသနဲ့ အခြေအနေကိုလိုက်ပြီး ၅၀,၀၀၀ ကနေ ၃၀၀,၀၀၀ အထိ တောင်းတတ်တာ သိထားပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ သာကေတ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်၊ ဗဟန်း စသည့် မြို့နယ်များတွင် အမျိုးသမီးများ စစ်မှုထမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဦးဆောင်ကာ စာရင်းကောက်ခံခြင်း၊ ဆင့်ခေါ်စာများပို့ခြင်းများ လုပ်ဆောင်နေကြောင်း Rangoon Scout Network ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြို့နယ်တိုင်းရှိ ရပ်ကွက်အများစုတွင်လည်း အမျိူးသားများကို ဖမ်းဆီးခေါ်ဆောင်မှုများမှာ နေ့စဥ်နှင့်အမျှ လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ခံများ၏ အဆိုအရ သိရသည်။

“လူငယ်ပိုင်းတွေ အထူးသဖြင့် အမျိုးသားတွေပေါ့။ မျက်နှာတွေဆိုတာ ညှိုးငယ်နေတာပဲ။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ မရှိကြတော့ဘူး။ ကိုယ်တွေလို အဘွားကြီးတွေလောက်တောင် တက်ကြွမှုမရှိဘူး။ စိတ်လည်းမကောင်းဘူး မြင်ရတွေ့ရတာတွေက” ဟု ရန်ကင်းမြို့နယ်နေ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးက ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး စစ်သားစုဆောင်းမှုများ ပြုလုပ်နေသည်။

စစ်သင်တန်းဆင်းများကို တိုက်ပွဲနယ်မြေများသို့ပို့ဆောင်နေပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများ၊ ထွက်ပြေးမှုများလည်းရှိနေသည်။

စစ်ကောင်စီက ပြည်သူလူထုအား အတင်းအဓမ္မ စစ်သားစုဆောင်းနေပြီး ၃ လခန့် သင်တန်းပေးပြီးနောက် ရှေ့တန်းနယ်မြေများကို စေလွှတ်နေကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ဖော်ပြောကြားထားသည်။

တပ်သားစုဆောင်းခံရသူများအနေဖြင့် စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ နီးစပ်ရာ တော်လှန်ရေးတပ်များထံ လာရောက်ပူးပေါင်းကြရန် တိုက်တွန်းထားကြသည်။

Most read this week

၂၀၂၄ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့အခမ်းအနားတွင် မြင်တွေ့ရသည့် စစ်ခေါင်းဆောင်။ ဓါတ်ပုံ- AFP
February 14, 2025
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းအပါများကို...
February 13, 2025
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် တောင်ခြမ်းရှိ ညောင်ဖြူပင်နှင့် ဘုဘကျေးရွာများကို စစ်ကောင်စီတပ်က...
February 11, 2025
၂၀၂၄ ခုနှစ် မေလအတွင်းက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂ ကို တက်ရောက်ရန် ဟိုပုံးမြို့ရှိ...
February 10, 2025
အသက်မပြည့်သေးသူတဦး အပါအဝင် ဇန်နဝါရီလ တလအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းထားသူ ၃၁ ဦးကို ၎...