စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာ ၇ ဒသမ ၇ စကေးရှိတဲ့ ပြင်းအားကြီးငလျင်ကြောင့် ကရင်နီပြည် တောင်တန်းဒေသတစ်ချို့မှာ အဆောက်အဦး ပြိုကျပျက်စီးမှုတွေရှိခဲ့ပြီး ပြန်လည်ပြုပြင်ဖို့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ ဖြေရှင်းဖို့ နည်းလမ်းရှာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငလျင်ကြောင့် ကရင်နီပြည် ဒီးမော့ဆို မြို့နယ်၊ နီးဒူးခူကျေးရွာနဲ့ ဟိုဝမ်အထက်ရွာက ခရစ်ယာန်ဘုရားကျောင်း ၂ ဆောင် ပြိုကျပျက်စီးခဲ့တာပါ။
လက်ရှိမှာတော့ ဒီဘုရားကျောင်းတွေကို ပြန်လည်ပြုပြင် တည်ဆောက်ဖို့အတွက် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေသူတွေထံကနေ အလှူငွေတွေစုဆောင်းနေတယ်လို့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ နီးဒူခူကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လက်ရှိတော့ မယ်တော်ဂူမှာ ဆုတောင်းမယ်။ မဟုတ်လို့ရှိရင် ဘုရားကျောင်းကို နည်းနည်းပါးပါး ပြန်ပြင်ပြီးမှ ခေါင်မိုးပြန်ပြင်မယ် ဒါပဲရှိတယ်။ ဒါပေမဲ့ ဘုရားကျောင်းက အပျက်များတော့ ဆက်ဖြိုမယ်လို့တော့ ထင်တာပဲ။ အရမ်းလည်းအိုပြီဆိုတော့ ဘုရားကျောင်းပြန်ပြင်ဖို့ဆို နိုင်ငံခြားမှာနေတဲ့သူလည်း ပိုက်ဆံစုရမဲ့ အခြေနေက ရောက်နေပြီလေး” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။
ငလျင်ကြောင့်ပြိုကျပျက်စီးသွားတဲ့ ဟိုဝမ်အထက်ရွာက ဘုရားကျောင်းဟာ ပြုပြင်ဆောက်လုပ်ထားတာ မကြာသေးပါဘူး။
“၃ လတိတိပဲ ဘုရားကျောင်းတက်ရသေးတာကို ပြိုသွားတယ်ဆိုတော့ ရွာသားတွေ ခမျာလည်း အင်အားမရှိတော့ဘူး” လို့ ဒီးမော့ဆိုမြို့နယ် ဟိုဝမ်အထက်ရွာက အငြိမ်းစား ဓမ္မဆရာဦးသန်းဝင်းက ပြောပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် ပဆေးလာကျေးရွာ ဒေသအတွင်း အချင်းနဲ့ အနက်ပေ ၁၀၀ မကရှိတဲ့ တွင်းတစ်ခုဖြစ်ပေါ်လာပြီး ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာတော့ ကျင်းကပိုမိုကျယ်လာနေတယ်လို့ဒေသခံတွေက ပြောပါတယ်။
ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာလည်း တောင်ကမ်းပါးပြိုကျခဲ့ပြီး လူ အထိခိုက်တော့ မရှိပါဘူး။
စစ်ကိုင်းမြို့ကို ဗဟိုပြုတဲ့ ငလျင်က ကရင်နီမှာတော့ တောင်ပေါ်ဒေသတွေကိုသာ ထိခိုက်ပျက်စီးစေခဲ့တာပါ။
အဆိုပါ ငလျင်ဘေးသင့် ပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီထောက်ပံ့ ပေးသွားမယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။
“ကရင်နီမှာတော့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေး၊ နယ်ခံအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတချို့ပျက်စီးသွားတဲ့ နေရာတွေကိုကူဖို့ပြင်ဆင်နေတယ်” လို့ ခူးပလုရယ်က ပြောပါတယ်။
ဒါ့အပြင် ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာက ဘုရားကျောင်းတစ်ဆောင်၊ ဝါရီခူကျေးရွာက ဘုရားကျောင်းတစ်ဆောင်လည်း ငလျင်ကြောင့် ပျက်စီးသွားခဲ့ပါသေးတယ်။
စစ်ရှောင်လူထူနဲ့ ဒေသခံတွေက စိုက်ပျိုးရေးအတွက်တင်မက သောက်သုံးရေရှိဖို့အတွက်အားထားနေရတဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက နန်းစံဖူးချောင်းလည်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရေကျဆင်းသွားခဲ့ပြီး ၃ ရက်အကြာမှာတော့ ရေပြန်လည်မြင့်တက်လာနေပါပြီ။
စစ်ကိုင်းရွေ့ပြတ်ငလျင်ကြီးက မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်မှာ စတင်လုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း အကြိမ် ရာနဲ့ချီကာ လှုပ်ခတ်နေဆဲဖြစ်ပါတယ်။