ကံပိုင်တည်မြို့က တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို တရုတ်ဘက်က အကန့်အသတ်ဖြင့် ပြန်ဖွင့်ထား

ကံပိုင်တည်မြို့က တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို တရုတ်ဘက်က အကန့်အသတ်ဖြင့် ပြန်ဖွင့်ထား

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကံပိုင်တည်မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာ လဆန်းပိုင်းကနေစပြီး တရုတ်နိုင်ငံဘက်က အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

သို့ပေမယ့် ကုန်ပစ္စည်းတွေကို အကန့်အသတ်ဖြင့်သာ စိစစ်ပြီး ဝင်ရောက်ခွင့်ပြုနေတာဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

“အကုန်လုံးကြီး အဲ့လိုတော့ ဝင်မရသေးဘူးထင်တယ်။ သူတို့လွှတ်ပေးချင်တဲ့ ကားလေးတွေ လွှတ်ပေးတာပေါ့။ သူတို့ စိစစ်ပြီးတော့ လွှတ်ပေးတဲ့သဘောရှိတယ်။ အရင်လိုကြီး ဒလဟောကြီးတော့ မဟုတ်ပါဘူး”

ဒီကုန်သွယ်ရေးဂိတ်ကနေ ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့တာ ၂ လနီးပါး ကြာမြင့်ခဲ့တာကြောင့် ကချင်ပြည်နယ်ဒေသတစ်ခုလုံးမှာ ကုန်စျေးနှုန်းတွေ အဆမတန် ကြီးမြှင့်ခဲ့ပါတယ်။

ကံပိုင်တည်နယ်စပ်ဂိတ်ကနေ ကချင်ပြည်နယ်အတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို  ၂၀၂၄ ခုနှစ်မှာ အဓိက တင်သွင်းခဲ့ရသလို အခြေခံစားသောက်ကုန်တွေကိုလည်း တင်သွင်းခဲ့ပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့အတွင်းမှာ စက်သုံးဆီ တစ်လီတာကို တစ်သောင်းခွဲဝန်းကျင်ထိ ဝယ်ယူနေရဆဲဖြစ်ပြီး အခြေခံစားသုံးကုန် ကြက်ဥတစ်လုံးကို (၈၀၀) ကျပ်ထိ ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီနယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် ကချင်ပြည်နယ်ထွက် ဆန်စပါးစျေးနှုန်းတွေဟာ ကျဆင်းနေဆဲလည်းဖြစ်ပါတယ်။

ယခုလို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာ ရက်အနည်းငယ်သာရှိသေးတာကြောင့် ကုန်စျေးနှုန်းများ ပြန်လည်ကျဆင်းခြင်းမရှိသေးဘူးလို့ သူက အခုလိုဆက်ပြောပါတယ်။

“မြို့တွင်းက ကုန်စျေးနှုန်းကတော့ ဒီလိုပါပဲ။ တက်ပြီးသွားရင် ပြန်ကျရိုးထုံးစံက သိပ်မရှိတဲ့အခါကျတော့  သွားညှိနှိုင်းကြတဲ့ဟာ ရှောရှောရူရူ အောင်မြင်သွားရင်တော့ ကုန်စျေးနှုန်းတွေလည်း ကျလာမယ်လို့ ထင်တာပါပဲ”

ယခုလ ဒီဇင်ဘာ (၈) ရက်နေ့ကနေစတင်ပြီး ကချင်လွှတ်မြောက်ရေးအဖွဲ့ (KIA/KIO) ဥက္ကဌ အင်ဘန်လက တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဆွေးနွေးတဲ့အကြောင်းအရာတွေကိုတော့ ထုတ်ဖော်ပြောဆိုလာကြခြင်း မရှိကြသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ  (၂၁) ရက်နေ့ကနေ  KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက NDA-K နယ်ခြားစောင့်တပ်ဖွဲ့များထံမှ ကံပိုင်တည်မြို့ကို သိမ်းပိုက်ရရှိထားခဲ့ပြီး ကချင်ပြည်နယ်အတွင်းရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်အားလုံးကို KIA က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

January 9, 2025
- နိုင်ငံတကာရောက် ကရင်နီပြည်သူတွေကနေ ဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့ ကရင်နီလူထုကို ဆက်လက်ကူညီပေးဖို့...
January 9, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နဲ့ တစ်မိုင်ခန့်အကွာမှာရှိတဲ့ စက်တောကျေးရွာနဲ့...
December 11, 2024
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စပါးဝယ်တဲ့ကုန်သည်တွေ ဝင်ရောက်လာခြင်းမရှိတာကြောင့်...
December 4, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ ယခုသီတင်းပတ်တွေအတွင်း စက်သုံးဆီတွေရှားပါးနေပြီး...