မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စပါးဝယ်တဲ့ကုန်သည်တွေ ဝင်ရောက်လာခြင်းမရှိတာကြောင့် ယခုနှစ်ထွက် ကောက်သစ်စပါးတစ်တင်းကို ကျပ် (၈) ထောင်ဖြင့်သာ ရောင်းချနေကြရတယ်လို့ တောင်သူများထံမှ သိရပါတယ်။
“ကုန်သည်တွေက ကြီးကြီးမားမားမရှိဘူး ။ အခု ကောက်သစ်ပေါ်တော့ လက်ထဲပိုက်ဆံရှိထားတဲ့ စပါးဝယ်ပြီးလှောင်ကြတဲ့သူတွေ နည်းနည်းရှိတဲ့အခါကျတော့ သူတို့က သူတို့တတ်နိုင်သလောက် အတင်း ၅၀၀ ဆိုလည်း ၅၀၀ အဲ့သလို ဝယ်လှောင်ကြတာပေါ့။ စပါးစျေးကောင်းလာနိုးနိုး မျှော်လင့်ချက်နဲ့လေ”ဟု တောင်သူတစ်ဦးက ဆိုပါတယ်။
ယမန်နှစ်ကတော့ အရည်အသွေးအနိမ့်ဆုံး ကောက်သစ် စပါးတစ်တင်းကို ကျပ်တစ်သောင်းခွဲထိ ပေါက်စျေးရရှိခဲ့ပြီး ယခုနှစ်မှာတော့ အရည်အသွေးအမြင့်ဆုံး စပါးတစ်တင်းကို ကျပ် (၈) ထောင်သာ ရောင်းချကြရတာလည်းဖြစ်ပါတယ်။
ဒါဟာ တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေ ပိတ်ပင်ထားမှုများအပါအဝင် စပါးကုန်သည်များ အင်းတော်ကြီးဒေသအတွင်းကို ဝင်ရောက်နိုင်ဖို့အတွက် အခက်အခဲများစွာရှိနေတာကြောင့်လို့ သိရပါတယ်။
တောင်သူတွေဟာ စပါးများရိတ်သိမ်းနိုင်ဖို့အတွက် ငွေကြေးအဆင်မပြေမှုတွေကြောင့် မွေးမြူထားတဲ့ ကျွဲ၊ နွားများကိုလည်း ရောင်းချခဲ့ကြရပြီး စပါးရိတ်ချွေစက်တန်ဖိုးတွေကို ပေးချေခဲ့ကြရတယ်လို့ တောင်သူများက ပြောပြပါတယ်။
“ဒီစပါးစိုက်တဲ့ ဒီအလုပ်ပ ဲလုပ်တတ်ကြတော့ ကုန်ကျတာနဲ့ မကာမိလည်း လုပ်နေရတာပါ့။ ရိတ်ပြီးတော့လည်း လယ်ရှင်တစ်ဦးနဲ့တစ်ဦး နွားဘယ်နှစ်ကောင်ရောင်းလိုက်ရလဲပဲ မေးနေရတယ်။ အခု စပါးရောင်းပြန်တော့လည်း ဘာမှပြန်မရဘူး။ ကုန်ခဲ့တဲ့ဟာတွေ”ဟု အင်းတော်ကြီးဒေသ၊ ပန်းလားကျေးရွာရှိ တောင်သူတစ်ဦးက ဆိုပါတယ်။
မိုးညှင်းမြို့အနီးရှိ ကျေးရွာတွေမှာတော့ စပါးတစ်တင်းလျှင် ကျပ် တစ်သောင်းနှစ်ထောင် ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။
ယခုနှစ်မှာ မိုးညှင်းမြို့နယ်အတွင်း မိုးများမှုနဲ့ ရေကြီးရေလျှံမှုတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် တစ်ချို့ လယ်ယာစိုက်တောင်သူများက (၄) ကြိမ်ထိတိုင် ပြန်လည်စိုက်ပျိုးခဲ့တာတွေရှိခဲ့သလို မရိတ်သိမ်းနိုင်ခဲ့သောလယ်ဧက ထောင်ချီလည်းရှိနေကြောင်း သိရပါတယ်။