မောင်နွဲ့ကြီးရွာ၌ သတိပေးခံရသည့်ကြားမှ စခန်းအခိုင်အမာဆောက်ရန် စစ်ကောင်စီပြင်ဆင်နေ

မောင်နွဲ့ကြီးရွာ၌ သတိပေးခံရသည့်ကြားမှ စခန်းအခိုင်အမာဆောက်ရန် စစ်ကောင်စီပြင်ဆင်နေ

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ မောင်နွဲ့ကြီးကျေးရွာတွင် ယာယီတည်ဆောက်ထားသည့် တပ်စခန်းကို အခိုင်အမာထပ်တိုးမဆောက်ရန် တောလှန်ရေးတပ်ဖွဲ့ဘက်က သတိပေးခဲ့သော်လည်း စစ်ကောင်စီက စခန်းအခိုင်အမာဆောက်ရန် ဆက်ပြင်ဆင်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါ မောင်နွဲ့ကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီယာယီတပ်စခန်းကို အဆင့်မြှင့်ကာ အခိုင်အမာ တပ်စခန်းဆောက်လုပ်ရန် ပြင်ဆင်နေမှုအပေါ် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ယခင်လကတည်းက သတိပေးပြောဆိုခဲ့သည်။

သို့သော် စစ်ကောင်စီဘက်က လက်မခံဘဲ ဆက်လက်ဆောက်လုပ်ရန် ပြင်ဆင်မှုများရှိနေသည်ဟု တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူဒေသခံက ယခုလိုပြောသည်။

“အဲဒီနေရာက အတည်တကျနေရမယ့်နေရာ မဟုတ်ဘူး။ ယာယီ၊ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ) က အခိုင်အမာဆောက်မှာကိုသိတော့ ကေအဲန်ယူဘက်က သတိလာပေးထားတာရှိတယ်။ အဲဒါကို နားမထောင်ဘဲနဲ့ သဲသွားကျုံးပြီးတော့ စေတီဆောက်မယ်၊ ဘုရားဆောက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တကယ့်ခံတပ်လိုဆောက်ဖို့ လုပ်နေကြတာ” ဟု ၎င်းဒေသခံက ပြောသည်။

တပ်စခန်း ဆက်လက်ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာလ၂ ရက်နေ့က မောင်နွဲ့ကြီးရွာ စစ်ကောင်စီတပ်စခန်းရှိ တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံလိုက်ရသည်ဟု ရွာခံများက ကြားသိထားသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်သည်။

ထို့အပြင် ထိုသို့ ဖမ်းဆီးခံလိုက်ရသည့်ကိစ္စကြောင့် မောင်နွဲ့ကြီးရွာ စစ်ကောင်စီတပ်က ကျေးရွာတာဝန်ရှိသူနှင့် ရွာခံများကို ခြိမ်းခြောက်ပြောဆိုသဖြင့် မောင်နွဲ့ကြီး ရွာလုံးကျွတ် နေရပ်စွန့်ခွာရှောင်တိမ်းခဲ့ရသော်လည်း လက်ရှိတွင် နေရပ်ပြန်နေထိုင်ကြပြီးဖြစ်သည်ဟု သံတောင်ကြီးမြို့ခံတချို့က ဆိုသည်။

“သံတောင်မှာ လာရှောင်နေတဲ့သူတွေကတော့ အိမ်ပြန်ကြပြီ။ စခန်းဆောက်တာလည်း ရွာကြောင့်တော့မဟုတ်ဘူး။ သူတို့အတွက် လမ်းကြောင်းအဆင်ပြေလို့နေဖို့ လုပ်တဲ့သဘော။ သူတို့ဘက်ကသာ မမှားဘူးဆိုရင်တော့ ဟိုရက်က ခြိမ်းခြောက်ထားသလို ပစ်ရင်လည်းပစ်မှာပဲ ပြောလို့မရဘူး” မြို့ခံတစ်ဦးက ပြောသည်။

မောင်နွဲ့ကြီးရွာ တာဝန်ရှိသူမှတဆင့် စစ်ကောင်စီက ၎င်းတို့သံသယရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များထံသို့ ၎င်းတို့တပ်ဖွဲ့ဝင်အချို့အား ပြန်လွှတ်ပေးရန်၊ ပြန်မလွတ်ပါက ရွာသို့ လက်နက်ကြီးချိန်ရွယ်ပစ်ခတ်မည်ဟု ပြောဆိုသည့်အတွက် ရွာနေလူထုရာနှင့်ချီမှာ နိုဝင်ဘာလဆန်းပိုင်းတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။

သံတောင်ကြီးမြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၂) အုပ်ချုပ်မှုနယ်မြေအတွင်းရှိပြီး ကေအဲန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်ဖွဲ့ဝင်များအပြင် မဟာမိတ်တော်လှန်ရေးအင်အားစုများလည်း စစ်ရေးလှုပ်ရှားလျက်ရှိသည့် နယ်မြေဖြစ်သည်။

Most read this week

January 6, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ...
January 6, 2025
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံ စသည့်...
January 4, 2025
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ...
January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...