TNLA ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား (၄၀) နီးပါးသေဆုံး

TNLA ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား (၄၀) နီးပါးသေဆုံး

တအောင်း (ပလောင်) အမျိုးအသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နယ်မြေအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလ တစ်လအတွင်း အရပ်သား (၄၀) နီးပါးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့်  TNLA ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း နောင်ချို၊ မိုင်းငေါ့၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ တွင် အရပ်သားပြည်သူ ၃၈ ဦး သေဆုံးခဲ့ပြီး ၇၀ ဦး ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် အလုံး (၁၃၀) ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေကြောင်းဖြင့် တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများတွင် ကလေးငယ်များလည်းပါဝင်ပြီး သံဃာတော် (၂) ပါးအပါအဝင် ဒေသခံပြည်သူ ၇၀ ဦး ဒဏ်ရာရရှိခဲ့သည်။

TNLA ၏ ထုတ်ပြန်ချက်တွင် နောင်ချိုမြို့အတွင်း သေဆုံးသူ (၁၆) ဦးဟု ဖော်ပြထားသော်လည်း လက်တွေ့မြေပြင်အခြေအနေတွင် သေဆုံးသူ ပိုမိုများပြားနိုင်ကြောင်း နောင်ချိုမြို့ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“လူသေတဲ့စာရင်းက ထုတ်ပြန်ချက်ထားတာထက် များတယ်၊ အကုန်လုံး စစ်ရှောင်နေရတာ၊ ဗုံးလာကြဲလို့ သေတယ်ဆိုရင်တောင် ကိုယ့်အမျိုးတွေကိုလည်း ပြန်မကြည့်နိုင်ဘူး၊ အဲ့နားက ရှိတဲ့လူတွေကပဲ နှစ်ယောက် သုံးယောက်ပေါင်းပြီး သင်္ဂြိုလ်လိုက်ရတာမျိုး၊ မြုပ်လိုက်ရတာမျိုးပဲ လုပ်ပေးနိုင်တယ်” ဟု ပြောသည်။

ထို့အပြင် အသက်ရှင်လွတ်မြောက်သူများမှာလည်း နေရာအမျိုးမျိုးသို့ ပြောင်းရွှေ့စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီမှ အချိန်မရွေး ဗုံးလာကြဲနိုင်သောကြောင့် စိုးရိမ်ထိတ်လန့်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“မလုံခြုံဘူး၊ တနေပြီးတနေရာ ရှောင်နေရတာ၊ စစ်တပ်က ဘယ်အချိန်လာကြဲမလဲ စိုးရိမ်နေရတယ်၊ စားဖို့သောက်ဖို့လည်း အိမ်ပြန်ပြီး စိုက်ခင်းတွေလည်း မရိုက်ရတော့ ပိုက်ဆံလည်းမရှိ၊ စားဖို့လည်းမရှိ၊ အိမ်ပြန်ရင်လည်း ဗုံးလာကြဲမှာကို ကြောက်နေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီမှ တိုင်းရင်းသားလက်နက်ကိုင်များထံ လက်လွှတ်ခဲ့ရသောနယ်မြေများအား ပြန်လည်ရရှိနိုင်ရန် ပြည်သူများနေထိုင်နေသည့် နေရာများသို့ လေကြောင်းဖြင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေပြီး လူထိခိုက်သေဆံးမှုများအပြင် ပြည်သူများ၏ နေအိမ်၊ ကား၊ ဈေးဆိုင်ခန်းများ ပျက်စီးဆုံးရှုံးမှုများလည်း များပြားလျက်ရှိသည်။

TNLA မှ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ပြင်းထန်သည့်တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်ခံစားနေရသော ပြည်သူများ၏အကျိုးကို ငဲ့ညှာထောက်ထားခြင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲများရပ်စဲရေး ကြားဝင်ပေးနေသည့် တရုတ်အစိုးရကို လေးစားအသိမှတ်ပြုသောအနေဖြင့် တွေ့ဆုံတွေးနွေးရန် အသင့်ရှိကြောင်းကိုလည်း နိုဝင်ဘာလ (၂၅) ရက်နေ့က ထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ (ဒီဇင်ဘာ ၃ ရက်) ကိုးကန့်တပ် (MNDAA) စစ်ရေးကော်မတီမှ ပြည်တွင်းရေးပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးအတွက် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး‌ဆွေးနွေးရန် လိုလားကြောင်း တရုတ်နိုင်ငံအားတိုင်တည်၍ ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် TNLA မှ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

Most read this week

January 8, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့် ပျူစောထီးများက...
January 7, 2025
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ...
January 6, 2025
စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသည်...
လဲချားမြို့
January 4, 2025
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု...