စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အရပ်သားများ TNLA က လူသားဒိုင်းအဖြစ် ဖမ်းထားခြင်းကြောင့် သေဆုံးရဟု ဝါဒဖြန့်

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အရပ်သားများ TNLA က လူသားဒိုင်းအဖြစ် ဖမ်းထားခြင်းကြောင့် သေဆုံးရဟု ဝါဒဖြန့်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက အရပ်သားများသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းကြောင့် သေဆုံးရသည်ဟုဆိုပြီး ဝါဒဖြန့်ချိနေသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် Snow Queen ချန်နယ်လ်မှ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး TNLA ထုတ်ပြန်သည့် အချက်အလက်အပေါ် အခြေခံကာ ဒေသခံများက ပြောပြခဲ့သည်ဟုဆိုပြီး ရေးသားဖြန့်ချိခဲ့သည်။

၎င်းက “သူတို့ (TNLA) ကတော့ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ သေတယ်ပေါ့နော့်။ ဆိုတော့ သေတာလည်း မှန်တယ်။ လေကြောင်းတိုက်ခိုက်လို့ဆိုတာလည်း မမှားဘူး။ ဒါပေမယ့် သူတို့မပြောရဲတာက အဲဒီအရပ်သားတွေဟာ သူတို့က လူသားဒိုင်းအဖြစ် အသုံးချဖို့ ဖမ်းဆီးထားတဲ့ အရပ်သားတွေဆိုတာပဲ....” ဟု (မူရင်းအတိုင်း) အမည်မဖော်လိုသည့် ဒေသခံတစ်ယောက်က ပြောပြခဲ့သည်ဆိုပြီး ရေးသားဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၁၁,၀၀၀ ကျော်ရှိသည်။ ထို့အပြင် အခြားသော စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်များကလည်း ထိုအကြောင်းအရာကို ထပ်ဆင့်ဖြန့်ချိထားသည်။

မူရင်း သတင်းအမှားလင့်ခ် - https://archive.ph/iALJf

ဆက်လက်သတင်းအမှားလင့်ခ် - https://archive.ph/HnrRJ

သတင်းအမှားဖြန့်ချိသူတွေက ဖော်ပြသည့် အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများက တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။

ထိုအကြောင်းအရာသည် လုပ်ကြံဖန်တီးထားသည့် ဝါဒဖြန့်သတင်းအမှားဖြစ်နေသည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလ ၁ ရက်အတွင်း ဒေသခံ ၃၈ ဦးသေဆုံးပြီး ၇၀ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၃၀ ပျက်စီးခဲ့ကြောင်း TNLA က ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်သည်။

ထုတ်ပြန်ချက် - https://archive.ph/OtIEU

သေဆုံးသူများမှာ နောင်ချို၊ မိုးကုတ်၊ မိုင်းငေါ့၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့ အရပ်သားပြည်သူများဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဉ် ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်ကား၊ နေအိမ်နှင့် ဈေးဆိုင်ခန်း အများအပြားလည်း ထိခိုက်ပျက်စီးဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ မိုင်းငေါ့၊ ကွတ်ခိုင်မြို့များနှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဧရာဝတီသတင်းတစ်ပုဒ်တွင်လည်း ဖော်ပြထားသည်။

ဧရာဝတီ သတင်းလင့်ခ် - https://archive.ph/bHevq

ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထုများ စိုးရိမ်ထိတ်လန့်နေကြရသည်ဟု ဒေသခံတစ်ဦး၏ ဖွင့်ဟပြောဆိုချက်ဖြင့် ရွှေဖီမြေသတင်းက ဖော်ပြသည်။

ရွှေဖီမြေ သတင်းလင့်ခ် - https://archive.ph/feEWo

သုံးသပ်ချက်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် TNLA ထိန်းချုပ်ထားသည့်နယ်မြေတွင် တစ်လအတွင်း အရပ်သား ၃၈ ဦးသေဆုံးပြီး၊ ၇၀ ဦး ဒဏ်ရာရရှိကြောင်း မှန်ကန်သည်။

သို့သော် သေဆုံးသွားရသည့် အရပ်သားများသည် TNLA က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းကြောင့် သေဆုံးရခြင်းမဟုတ်ပေ။ TNLA ထိန်းချုပ်ထားသည့် နယ်မြေအတွင်းရှိ ဒေသခံနေအိမ်များ၊ အဆောက်အဦးများကို စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တောင်ကြီးမြို့တွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် “လက်နက်ကိုင်များ သိမ်းပိုက်နေရာယူထားသည့် မြို့ရွာများတွင် သတင်းရရှိမှုအပေါ် မူတည်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သတိပြုရန်လိုအပ်ကြောင်း” ပြောဆိုခဲ့ဖူးသည်။

January 7, 2025
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ...
January 6, 2025
စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသည်...
လဲချားမြို့
January 4, 2025
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု...
January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...