နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတဲ့အတွက် ပြည်သူတွေဆေးကုသရေးအခက်ကြုံနေ

နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတဲ့အတွက် ပြည်သူတွေဆေးကုသရေးအခက်ကြုံနေ
ပူတာအိုမြို့တွင်းထဲ ဆေးဆိုင်တွင်းမြင်ရတဲ့ ဆေးများ (ပုံဟောင်း)
ပူတာအိုမြို့တွင်းထဲ ဆေးဆိုင်တွင်းမြင်ရတဲ့ ဆေးများ (ပုံဟောင်း)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတာကြောင့် ပြည်သူတွေ ဆေးဝယ်ယူသုံးစွဲဖို့နဲ့ ကုသဖို့ အခက်ကြုံနေတယ်လို့ ဒေသခံတွေပြောပါတယ်။

နောင်မွန်မြို့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး စစ်ကောင်စီက ဆေးဝါးချပေးခြင်းမရှိတော့တဲ့အတွက် ဆေးရုံမှာ ဆေးဝါးပြတ်လပ်နေတဲ့အပြင် အပြင်ဆေးဆိုင်တွေမှာလည်း ဆေးဝါးအများပိုင်းပြတ်လပ်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

“ဆေးရုံကြီးမှာဆေးက မချပေးတော့တာလို့ပြောတယ် ဘာဆေးမှကိုမရှိတာ ဖျားလို့နားလို့ဆေးဝါးရှာမရနေတာ လေး၊ငါးလလောက်ရှိပြီ ပါရာစိမ်းတောင်မရှိတဲ့အနေအခြေဖြစ်နေတာ။ ချောင်းဆိုးလို့ သွားပြတာဖြစ်ဖြစ် ဆေးက အပြင်မှာပဲဝယ်ရတယ်။ သူတို့က ရောဂါရှာပေးတာသက်သက်လိုပဲဖြစ်နေတယ်။ ခက်တာက အပြင်မှာလည်း ဆေးကမရှိဘူး။ ရှားတယ်” လို့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လတ်တလော နောင်မွန်မြို့မှာ အိမ်သုံးဆေးနှင့် နာတာရှည်ရောဂါသည်များအတွက် ဆေးဝါးများ၊ ဆီးချိုဝေဒနာရှင်များသုံးတဲ့ အင်ဆူလင်ထိုးဆေးအပါအဝင် ကျောက်ကပ်ဝေဒနာရှင်တွေသုံးတဲ့ ဆေးဝါးများလည်း ရှားပါးပြတ်လပ်နေသလို လက်ကျန်ဆေးများမှာလည်း ဆေးအမျိုးအစားပေါ်မူတည်ပြီး စျေးအဆမတန်မြင့်တက်လာကြောင်း ဆေးဝါးသုံးစွဲသူများနှင့် ဆေးအရောင်းဆိုင်များမှ သိရပါတယ်။

“လောလောဆယ် အပြင်မှာပဲ ပါရာစိမ်းတစ်ကဒ်ကို သုံးလေးထောင်ပေးဝယ်ရတယ်။  ကျန်တဲ့ဆေးဆိုတော့နော် စျေးတအားကြီးတယ်။ အဲ့ကြောင့် တချို့ဆို ဆေးမြီးတိုတွေနဲ့ကုနေကြတယ်။ ဆေးမဝယ်စားနိုင်လို့ တော်တော်လေးခက်ခဲကြတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာလကုန်ပိုင်းအထိ နောင်မွန်မြို့တွင်း ပါရာစိမ်းတစ်ကဒ်ကို ယခင်စျေး ကျပ် ၁၀၀၀ (တစ်ထောင်)၊ ယခု ကျပ် ၃၀၀၀ (သုံးထောင်)၊ ဘိုင်အိုဂျစ်ဆစ် တစ်လုံး ယခင်က ၂၀၀ (တစ်ရာ) ကျပ်မှ ယခု ၅၀၀ (ငါးရာ) ကျပ်၊ ဒီကိုဂျင် တစ်လုံး ၂၅၀ (နှစ်ရာ့ငါးဆယ်) ကျပ်မှ ၅၅၀ (ငါးရာငါ့ဆယ်) ကျပ်၊ အန်နာဘွန်စီ တစ်လုံး ၅၀၀ (ငါးရာ) ကျပ်မှ ၁၈၀၀ (တစ်ထောင့်ရှစ်ရာ) ကျပ်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

မြန်မာပြည်အထက်ပိုင်း ကချင်ပြည််နယ်ထဲကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းကနေစပြီး ကုန်းကြောင်းနဲ့ ဆေးဝါးတင်သွင်းခွင့်ကို စစ်ကိုင်းတိုင်းထဲကနေ တင်းကြပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ကချင်ပြည်နယ်မှာအသုံးပြုနေတဲ့ ဆေးဝါးတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ လေကြောင်းနဲ့တင်သွင်းနေတာဖြစ်လို့ လမ်းပမ်းဆက်သွယ်ရေးခက်တဲ့ နောင်မွန်မြို့မှာ ပူတာအို – မြစ်ကြီးနားကနေ အဆင့်ဆင့်သယ်ယူနေရာတာကြောင့် အခုလို ဆေးဝါးပြတ်လပ်လာတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း ဆေးဝါး ၈၅ ရာခိုင်နှုန်းကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေကလည်း အဓိကတင်သွင်းပြီး ကျန် ၁၅ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းမှာ ထုတ်လုပ်တာဖြစ်တယ်လို့  မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

သို့သော် စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်အတွင်း ဆေးဝါးတင်သွင်းခွင့် ပိုကန့်သတ်လာတာကြောင့် ဆေးဝါးရှားပါးမှု၊ ပြတ်လပ်မှုဟာ ပိုမိုဆိုးရွားလာနေတာလည်း ဖြစ်ပါတယ်။

Most read this week

January 7, 2025
မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA...
စစ်ကောင်စီဖမ်းဆီးထားတဲ့ စက်သုံးဆီသယ်ဆောင်တဲ့ မော်တော်ယာဉ်များ
January 7, 2025
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းအပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့...
January 6, 2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ MPT ဖုန်းဆင်းကဒ် တစ်ကဒ်ကို ကျပ်သုံးသောင်းခွဲအထိ...
January 6, 2025
စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်တွင်းအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအပြင် နိုင်ငံတကာအစိုးရတွေနဲ့လည်း...