ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းများ ကြွက်ဘေးကပ်ဆိုက်သွားတာကြောင့် ရိတ်သိမ်းဖို့စပါးမရှိတော့တဲ့အတွက် တောင်သူတွေအခက်တွေ့နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလကတည်းက စတင်စိုက်ပျိုးထားတဲ့ ဒေသခံတောင်သူတွေရဲ့တောင်ယာစိုက်ခင်းတွေ ဇူလိုင်လကစပြီး ကြွက်ဘေးကပ်ဆိုက်လာတာကြောင့် အောက်တိုဘာ၊ နိုဝင်ဘာလ စပါးရိတ်သိမ်းကာလမှာ ရိတ်ဖို့စပါးမရှိတော့ဘူးလို့ မိုင်ကုန့်ဒေသခံတစ်ဦးက KNG ကို အခုလို ပြောပါတယ်။
“စပါးတွေက ပြီးခဲ့တဲ့ ဩဂုတ်လမှာ တစ်ဖန်ပြန်ပြီး နလန်ထူ ပြန်ပေါက်တယ်။ အဲဒီလို ပြန်ပေါက်လာတဲ့ စပါး၊ သီးနှံတွေအားလုံးကိုလည်း ကုန်အောင် ကြွက်တွေပြန်စားပစ်လိုက်တာ။ အဲဒီလို ဆက်တိုက်ကြွက်တွေစားပေးလိုက်တာကြောင့် အခုရိတ်သိမ်းချိန်ကျ စပါးပင် တစ်ပင် နှစ်ပင်လောက်ပဲ ပေါက်နေတာ။ ရွာသားတွေက ကိုယ့်စပါးဆိုတော့ သနားလို့ ရှိတဲ့အနည်းအကျဉ်းလေးပဲဆိုပေမဲ့ လာကောက်ကြရိတ်သိမ်းကြတာတွေတော့ ရှိနေတယ်။”လို့ မိုးမောက်မြို့နယ် မိုင်ကုန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ကြွက်ဘေးကပ်ဆိုက်သွားတဲ့ ကျေးရွာတွေဟာ အင်ဘာပါဒေသထဲမှာပါဝင်တဲ့ ဂေါင်ရီလုံခတ်(Gauri Lunghkat)၊ မိုင်ကုန့် (Maikung)၊ ခက်မှာ ( hkyet ma )၊ ဘွမ်အောင်နန်( Bum Awng Nan)၊ စတဲ့ကျေးရွာတွေအပြင် အနီးတစ်ဝိုက်ကျေးရွာ ၁၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
မံစီမြို့နယ် ဒေသခံပြည်သူတွေဟာ တောင်ယာစပါးခင်းကိုသာ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် စိုက်ပျိုးကြတာဖြစ်ပြီး တစ်နှစ်စာရိက္ခာအတွက် မိုးစပါးတစ်ကြိမ်စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းမှာ ဗန်းမော်၊ မိုးမောက်ဘက်က စစ်ဘေးရှောင်လာကြတဲ့ ပြည်သူတွေလည်း လာရောက်ခိုလှုံနေကြတာကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေအတွက် လာမယ့်နှစ်မှာ အစာရေစာခေါင်းပါးဒဏ်ကို ပိုပြီးကြုံလာနိုင်တယ်လို့ ဒေသခံတွေ ဆိုကြပါတယ်။
“လက်ရှိ အခြေအနေက ကျနော်တို့ဒေသမှာ ကျနော်တို့ပဲ နေနေတာ မဟုတ်ဘူး။ စစ်ရှောင်ပြည်သူတွေ အမြောက်အများလည်း လာရောက်ခိုလှုံ တိမ်းရှောင်နေကြတဲ့နေရာ ဖြစ်တယ်။ အဲဒီမှာမှ အခုလို ကြွက်ဘေးဒဏ်ကြောင့် အစားအသောက်မွဲကုန်တော့ ဒီမှာစစ်ရှောင်နေတဲ့ ဧည့်သည်တွေအတွက်လည်း ပိုမိုခက်ခဲကျပ်တည်းသွားပြီ။ ဒီလိုပြဿနာဟာ အစာရေစာခေါင်းပါးပြီး လူတွေသေဆုံးရတဲ့အထိ ဖြစ်လာနိုင်တာကြောင့် ဒီလိုပြဿနာဟာ ဒီဒေသမှာ အမြန်ပြီးဆုံးပါစေလို့ပဲ မျှော်လင့်ပါတယ်” လို့ နောက်ထပ် မံစီဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လူဦးရေ တစ်သန်းကျော်၊ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်ရဲ့ မြို့နယ်အများပိုင်းမှာ အညာဒေသကဲ့သို့ နွေစပါး၊ မိုးစပါးစိုက်ပျိုးခြင်းမရှိဘဲ တစ်နှစ်စာအတွက် မိုးစပါးတစ်ကြိမ်သာ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။
သို့သော် ပြီးခဲ့တဲ့နှစ်တွေမှာလည်း မံစီဒေသအပါအဝင် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်မြို့နယ်တွေမှာ ကချင်အခေါ်ဝေါ် (Yu Lii Hku )( ကြွက်ဘေးဒဏ်ကျရောက်ခဲ့တာကြောင့် သစ်ဥ၊ သစ်ဖုတွေ၊ ပိန်းဥတွေသာ တူးစားကြရပြီး အာဟာရပြတ်လို့ အသက်ဆုံးရှုံးတဲ့အထိ ကြုံတွေ့ခဲဲ့ကြတယ်လို့ ဆိုပါတယ်။
ခုလို စစ်ဘေးဒဏ်နဲ့ ကြွက်ဘေးဒဏ်တွေကြောင့် ကျေးရွာဒေသခံပြည်သူတွေဟာ ကောက်ပဲသီးနှံကျေးဇူးတော်ချီးမွမ်းပွဲကိုလည်း ကျင်းပနိုင်ခြင်းမလုပ်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။
ကြွက်ဘေးဒဏ်ကြုံတွေ့နေရတဲ့ အဲဒီဒေသတွေကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO လိုက်လံကွင်းဆင်းကြည့်ရှုပြီး အကူအညီပေးအပ်တာတွေရှိတယ်လို့ သိရပါတယ်။
မံစီမြို့နယ်ကဲ့သို့ ဆွမ်ပရာဘွမ်နဲ့ တစ်ခြားဒေသတွေမှာလည်း ကြွက်ဘေးကပ်ဆိုက်ဒဏ် အများအပြားရှိနေပြီး သက်ဆိုင်ရာ KIO အစိုးရအနေနဲ့ တာဝန်ယူ ကွင်းဆင်းစစ်ဆေးကာ ခက်ခဲတဲ့ပြည်သူတွေကို ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်ဟာ မြို့ဧရိယာထက် ကျေးလက်၊ တောတောင်ဧရိယာအများဆုံးဖြစ်ပြီး ၁၉၇၂ မှ ၁၉၈၃ အထိ ကချင်တောင်ပေါ်ဒေသတွေဖြစ်တဲ့ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ မချမ်းဘော့ နဲ့ နောင်မွန်မြို့နယ်တွေမှာ ကြွက်ဘေးဒဏ်ကြောင့် ဒေသခံများစိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံနဲ့ အစားအသောက်များ ဖျက်ဆီးခံလိုက်ရတဲ့ဖြစ်စဉ်ရှိပြီး အဲဒီကာလတွေမှာလည်း အငတ်ဘေးကြောင့် ပြည်သူသေဆုံးမှုများရှိခဲ့တဲ့အတွက် ကျေးရွာအများအပြား ပျောက်ကွယ်သွားခဲ့တဲ့ဖြစ်စဉ်တွေလည်း များစွာရှိခဲ့ပါတယ်။