KNLA ဌာနချုပ်အနီး ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ဖားအံ-လှိုင်းဘွဲ လမ်းတစ်လျှောက် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များ လုံခြုံရေးတင်းကြပ်

KNLA ဌာနချုပ်အနီး ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ဖားအံ-လှိုင်းဘွဲ လမ်းတစ်လျှောက် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များ လုံခြုံရေးတင်းကြပ်

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA ဗဟိုဌာနချုပ်အနီးသို့ ယနေ့နံနက်ပိုင်းက ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက် ခံရပြီးနောက် ဖားအံ-လှိုင်းဘွဲလမ်းပိုင်းတစ်လျှောက် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေး တင်းကြပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားအံမြို့ နှင့် လှိုင်းဘွဲမြို့တစ်လျှောက်ရှိ လမ်းမကြီးပေါ်တွင် နယ်ခြားစောင့်တပ်- BGF အပါအဝင် စစ်ကောင်စီဘက်မှ ရဲ နှင့် စစ်သားများ ပူးပေါင်းပြီး လုံခြုံရေးချထား၍ စစ်ဆေးမေးမြန်းမှုများလည်း ပြုလုပ်ကြောင်း ဖြတ်သန်းသွားလာသူ ယာဥ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့ လှိုင်းဘွဲ၊ ဖားအံ လမ်းတစ်လျှောက် လုံခြုံရေး တော်တော်ချထားတယ်။ မြို့အဝင်တွေမှာ ဂိတ်တွေ အများကြီး တွေ့နေရတယ်။ သူတို့ လမ်းကင်းတွေ ကင်းပုန်းတွေလည်း အများကြီးပဲ ချထားတယ်။ အဲဒီမှာ BGF ၊ ရဲ၊ စစ်သားတို့ စောင့်ကြတယ်။ လာသမျှ ဆိုင်ကယ်၊ ကား အကုန်ရပ်ခိုင်းပြီး လက်ကိုင်ဖုန်းတို့ အိတ်တို့ စစ်တယ်။” ဟု အဆိုပါ ယာဥ်မောင်းအမျိုးသားက ယနေ့ ညနေပိုင်းတွင် ပြောသည်။

ယနေ့ နံနက် (၁၀) နာရီကျော်က KNLA ဗဟိုဌာနချုပ်အနီးသို့ Kamikaze Drone (အသေခံဒရုန်း) အမျိုးအစား (၄) လုံးဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ KNLA တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး တစ်ခုထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်းက တိုက်ခိုက်မှုမတိုင်ခင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ နေထိုင်ရာ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာသို့ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ရောက်ရှိနေခြင်းကြောင့် ယခုလို လုံခြုံရေး တင်းကြပ်ထားမှု ဖြစ်နိုင်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ခန့်မှန်းပြောဆိုကြသည်။

နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကလည်း “ ကြာအင်းလမ်းဂွမှာ စစ်ကောင်စီရော၊ BGF ရော ရှိနေတယ်။ သူတို့ကားတွေ ရပ်နေတာတွေ့တယ်။ စစ်ကောင်စီကားဆို ငါးစီးလောက်ရှိတယ်။ ” ဟု ပြောသည်။

ထို့အတူ စစ်ကောင်စီက လှိုင်းဘွဲမြို့နယ်အတွင်းရှိ KNLA လုံခြုံရေးယူထားသည့် ဂိတ်အချို့သို့လည်း ယနေ့ ဒရုန်းအသုံးပြု တိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရှိရပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယနေ့နံနက်ပိုင်း KNLA ဗဟိုဌာနချုပ်အနီး ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် KNLA ဘက်မှ အဆိုပါ ပတ်ဝန်းကျင်နှင့် လမ်းပိုင်းတချို့တွင် လုံခြုံရေးချထားမှုများ လုပ်ဆောင်ခဲ့သလို ဒေသခံအများစုမှာ ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

Most read this week

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...