ဘုရားသုံးဆူမြို့တွင် လောင်းစားဝိုင်းအပြင် ဒေသတွင်းလုပ်ငန်းအချို့ကိုလည်း တရုတ်နိုင်ငံသားတို့နေရာယူ လုပ်ကိုင်လာ

ဘုရားသုံးဆူမြို့တွင် လောင်းစားဝိုင်းအပြင် ဒေသတွင်းလုပ်ငန်းအချို့ကိုလည်း တရုတ်နိုင်ငံသားတို့နေရာယူ လုပ်ကိုင်လာ

ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့တွင် DKBA အဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ရရှိထားသည့် တရုတ်နိုင်ငံသားတို့ လောင်းကစားဝိုင်းတိုးချဲ့လာသည့်အပြင် မြို့တွင်းရှိ လုပ်ငန်းအချို့ကိုလည်း နေရာယူလုပ်ကိုင်လာသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် မြဝတီမြို့နယ်ရှိ လောင်းကစားလုပ်ငန်းမှထွက်ခွာလာသည့် တရုတ်နိုင်ငံသားတို့သည် ဘုရားသုံးဆူမြို့ဘက်သို့ ပြောင်းရွှေ့ဝင်ရောက်လာကြပြီး ၅လ အတွင်း လူဦးရေ ၃ ထောင်ထက်မနည်းရှိလာကြောင်း သိရသည်။

 လက်ရှိ မြို့အပြင်ရှိ မြေနေရာလွတ်တို့တွင် လောင်းကစားရုံကြီး တိုးချဲ့ဖွင့်လှစ်ရန် ဆောက်လုပ်နေဆဲဖြစ်ပြီး စားသောက်ဆိုင်နှင့် ကားအရောင်းအဝယ် လုပ်ငန်းအချို့ကိုလည်း ဝင်ရောက်လုပ်ကိုင်လာသည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးက “ တရုတ်တွေ ထပ်လာဖို့ရှိတယ်လို့တောင် ပြောကြတာပဲ ဒီရောက်လာတဲ့ သူတွေကို အေဝမ် DKBA ဆေးရုံဘက်မှာ နေနေတာတွေလည်းရှိတယ်၊ ဒီမြို့ပေါ်မှာက ကျားဖြန့်အပြင် စားသောက်ဆိုင် လေးငါးဆိုင်နဲ့ ကားအရောင်းအဝယ်ဆိုင်တွေဖွင့်ထားတယ်၊ သူတို့ ဖွင့်ထားတဲ့ ကာစီနိုဘေးမှာလည်း စားသောက်ဆိုင်သက်သက်ဖွင့်တာရှိတယ်၊ ရွှေကုက္ကိုလ်ိုမျိုးလောင်းကစားရုံကြီးကို မြို့နဲ့မိုင် ၂၀ ဝေးတဲ့  DKBAဆေးရုံဘက်မှာ ဆောက်လုပ်ပြင်ဆင်နေဆဲပါပဲ၊  ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ဘုရားသုံးဆူမြို့ကို တရုတ်နိုင်ငံသားတို့ လုံးဝစိုးမိုးသွားမည်ကို မြို့ခံတို့စိုးရိမ်လျှက်ရှိသည်။

စီးပွားရေးလုပ်ငန်းတို့တွင် ဝင်ရောက်နေရာယူလာသည့်အပြင် ထောင်နှင့်ချီသည့် တရုတ်နိုင်ငံသားတို့သည် နေအိမ်ငှားရမ်းခ တိုးမြှင့်ပေးဆောင်နေခြင်းကြောင့် ခရီးသွားများ နေ့စားအလုပ်သမားများအတွက် အိမ်ငှားရမ်းခ စျေးနှုန်းမြင့်တက်သွားသည်ဟုလည်း မြို့တွင်းယာဥ်မောင်းတစ်ဦးက ဆိုသည်။

“သူတို့ဌားထားတဲ့အိမ်တွေမှာ starlinkနဲ့ ကျားဖြန့်ကိုပဲထိုင်လုပ်နေတာပေါ့၊ အိမ်ကြီးကြီးတွေဌားပြီးလူ ၁၀/၁၅ ယောက်နဲ့ပေါ့ ကွန်ပျူတာရှိရင်လုပ်လို့ရပြီးပေါ့၊ အိမ်တွေကိုသူတို့ကဌားရင် စျေးများများ ရတော့ ဌားပေး ကြတယ်၊ ဒီမြို့ကိုတော့ အိမ်စျေး ဌားခကို အဆမတန်ပေးတယ်၊ ၄၀၀၀ ကို ၁၅၀၀၀ ပေးတယ်၊ စီးပွားရေးလုပ်ငန်းရှင်ကကျ တော့သူတို့ အတွက်က အဆင်ပြေနိုင်တာပဲလေ၊ ဒီအခြေခံလူတွေကကျအခန်း/ အိမ်ဌားဖို့ မတတ်နိုင်တော့ ခက်ခဲကြတယ် ”ဟု ၎င်းကပြောသည်။

ထို့ပြင် တရုတ်လောင်းကစားဝိုင်းပေါ်လာသည့်နောက် ဘုရားသုံးဆူမြို့နေရာအချို့တွင် ည ၁၂ နာရီအထိသွားလာခွင့်ရှိနေပြီး လောင်းကစားဝိုင်းကြောင့် ရပ်ကွက်သူ/သားများ စိတ်အနှောက်အယှက်ဖြစ်ဖွယ်များလာသော်လည်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့မှ အပြည့်အဝတာဝန်ယူထားခြင်းကြောင့် တိုင်ကြားမှု တစ်စုံတစ်ရာမပြုလုပ်နိုင်ကြောင်း မြို့ခံတို့က ဆိုသည်။

အဆိုပါ ဘုရားသုံးဆူမြို့တွင်းရှိ တရုတ်နိုင်ငံသားတို့သည် DKBAထံ တစ်ဦးလျှင် ဘတ်ငွေတစ်သောင်း လစဥ် အခွန်ပေးဆောင်နေပြီး ဘုရားသုံးဆူဒေသရှိ မြန်မာစစ်တပ်နှင့် KNU တို့အပြင် အခြားသောလက်နက်ကိုင်အဖွဲ့တို့ ညီတူညီမျှခွဲဝေနေကြသည်ဟု မြို့ခံတို့က ဆိုသည်။

ဘုရားသုံးဆူမြို့တွင် ထောင်နှင့်ချီသည့် တရုတ်နိုင်ငံသားများ စတင်ဝင်ရောက်လာပြီးနောက် မြို့နှင့်သက်ဆိုင်သည့် အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ရာတွင် မြန်မာဘာသာအပြင် တရုတ်ဘာသာဖြင့်ပါ ထုတ်ပြန်လာသည်ဟု သိရသည်။

October 3, 2024
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်ကောင်စီက လုံခြုံရေးအင်အားဖြင့် လူဦးရေနှင့်...
October 1, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်း‌ကောက်ယူရာတွင် ပါဝင်ကူညီသူများကို...
September 30, 2024
မွန်ပြည်နယ် ရေးမြို့  အောင်မေတ္တာရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF...
September 30, 2024
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ အနန်းကွင်းဗျုဟာတပ်စခန်း...