မိုးဗြဲဆည်ကနေ ရေ ဖောက်ချနေဆဲဖြစ်ပြီး လွိုင်ကော်မြို့တွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ရေကြီးရေလျှံမှု ဆက်လက်မြှင့်တက်

မိုးဗြဲဆည်ကနေ ရေ ဖောက်ချနေဆဲဖြစ်ပြီး လွိုင်ကော်မြို့တွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ရေကြီးရေလျှံမှု ဆက်လက်မြှင့်တက်

မိုးဗြဲရေကာတာကနေဆည် ရေဖောက်ချနေဆဲဖြစ်တာကြောင့် ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့ ၊ ဒီးမော့ဆိုမြို့နယ် နဲ့ လွိုင်ကော်မြို့တွေမှာ ရေကြီးရေလျှံမှု ဆက်လက်မြှင့်တက်နေဆဲဖြစ်ပါတယ်။

လွိုင်ကော်မြို့တွင်းနဲ့ မိုးဗြဲမြို့ဘက်မှာတော့ သွားလာရေး ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရာဂီမုန်တိုင်းဖြတ်သန်းမှုရဲ့ အကျိုးဆက် နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ရေကြီးရေလျှံမှုတွေဟာ မိုးဗြဲဆည်အတွင်းသို့စီးဆင်းပြီး၊ မိုးဗြဲရေကာတာကနေတဆင့် ရေဖောက်ချမှုကြောင့် ဘီလူးချောင်း ရေမြှင့်တက်လာခဲ့တာဖြစ်ပါတယ်။ ရေကြီးရေလျှံမှုကြောင့် ရှမ်း – ကရင်နီနယ်စပ်က ရေဘေးတိမ်းရှောင်ရတဲ့ ကျေးရွာ ၈ ရွာထက်မနည်းလည်း ရှိနေပါတယ်။

“ ရေက ဆက်တက်နိုင်တယ်။ ဘာလို့လဲဆိုရင် ဟိုဖက်အင်းဖက်ကိုမေးကြည့်တာလည်း အင်းဖက်မှာ ရေက တက်တုန်းပေါ့နော။ မကျနိုင်သေးဘူးပေါ့လေ။ ပြီးတော့ ကြားတာကလည်း မိုးဗြဲဆည်ကလည်း ဖွင့်တယ်ပေါ့။ ရေကြီးတယ်။ ရေကမိုးဗြဲဆည်ဟာ ကုန်ဖို့ဆိုရင် တော်တော်ကြာအုံးမယ်ထင်တယ်။ ဒေသခံအခြေအနေကတော့ မိုးဗြဲမှာတော့ လက်ရှိမှာတော့ ပြည်သူကအစကတည်းက မနေတော့ဘူးပေါ့။ တခြားနေရာဖြစ်တဲ့ ဝါရီကောခူဖက်နဲ့ မိုးဗြဲကြားမှာဆိုရင် ဆက်သွယ်ရေးအတွက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နှစ်နေရာလောက်ရေမြှုပ်တယ်။ သူ့ဟာက ခါး ၃ပေလောက်ထိ မြှုပ်တဲ့အတွက်ကြောင့် ကားတွေသွားလို့မရဘူး။”လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့လယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်းရေဟာ တစ်ရက်ကို ၃လက်မ ကနေ ၆လက်မ အထိ မြှင့်တက်နေတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၂၅ရက်နေ့ကစပြီး လွိုင်ကော်မြို့တွင်းက မြို့လယ်တံတား ၊ ရှမ်းပိုင်း တံတား တွေကို ဖြတ်သန်းသွားလာဖို့ ပိတ်ထားတယ်လို့ ပြောပါတယ်။

“ နှစ်ထပ်ဈေးနားက တံတား(မြို့လယ်တံတား) ကတော့ ရေကြီးနေလို့ စပိတ်ပြီ လမ်းလျှောက်သွားလို့တောင် မရတော့ဘူး။ ရှမ်းပိုင်းတံတားကတော့ လမ်းလျှောက်ပေးဖြတ်တယ်။ ကားတော့သွားလို့မရဘူး။ ခုက တံတားက ဒေါနိုးကူးတံတားတခုပဲ ကားဖြတ်လို့ရတော့တယ် ဆိုပေမယ့် တံတားထိပ်ထိရယ်၊ ဒေါနိုးကူးရပ်ကွက်ရုံးထိ လောက်ပဲ မောင်းရမယ်။ တစ်နေရာကို သွားချင်ရင် မီးတပ်က လှေနဲ့ပဲသွားမှရတော့မယ် ဒီဖက်မှာက။ မြို့ထဲမှာတော့ ရေက ခါးကျော်သွားပြီလေ ရေပိုတက်လာတာပေါ့။” လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

မြို့တွင်းသွားလာရေးခက်ခဲလာတာကြောင့် ဘီလူးချောင်း တစ်ဖက်ကမ်း နဲ့ တစ်ဖက်ကမ်းကို ဆက်သွယ်ထားတဲ့တခြား တံတားတွေလည်း သွားလို့မရတော့တာကြောင့် ကုန်စီးဆင်းမှုပိုင်းမှာ ပိုခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။

“ ဘီးလူးချောင်းကို နှစ်ပိုင်း ပိုင်းလိုက်မယ်ဆိုရင် ရှမ်းပိုင်းဖက်ခြမ်းက လူတွေက ဝယ်ရတော့မှာမဟုတ်ဘူး။ ရဦးတော့ ခဲရာခဲဆစ်ဖြစ်သွားပြီ။ အဲ့တော့ ကုန်စီးဆင်းမှုတွေပါ ခက်ပြီ မီးတပ်လှေတွေက ကုန်တွေကိုတော့ သယ်ပေးလို့ရမယ် မထင်ဘူးလေ။” လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ မင်းစု ၊ ရှမ်းပိုင်း ၊ ဒေါနိုးကူး ၊ နမ့်ကွတ် ၊ ရွှေတောင် ၊ ဒေါတမ ၊ ဈေးပိုင်း ၊ မှုံပြာ ၊ ဒေါဥခူ ၊ လောဓမ ၊ ဓမ္မရုံ၊ မင်္ဂလာ၊ ရေနီကန်၊ ချိကယ် ၊ မိုင်းလုံးအောက်ပိုင်း စတဲ့ ရပ်ကွက်တွေနဲ့ မြို့အနီးအနားက ကျေးရွာတွေမှာလည်း နေအိမ်နစ်မြှုပ်တဲ့အထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

လွိုင်ကော်ဒေသခံတွေ ဈေးရောင်းဈေးဝယ်ပြုနေတဲ့ သီရိမင်္ဂလာ တောင်ဈေးလည်း ရေဝင်ရောက်တာကြောင့် တခြားနေရာကို ရွေ့ပြောင်းရောင်းချနေကြတယ်လို့ သိရပါတယ်။

Most read this week

September 24, 2024
စက်တင်ဘာလ တတိယပတ်ကစပြီး ကရင်နီပြည် ၊ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီး တလျှောက်က ကျေးရွာတွေမှာ...
September 23, 2024
ကရင်နီပြည်တွင်းမှာ အွန်လိုင်းလောင်းကစားပြုလုပ်သူတွေကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...
September 23, 2024
စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ကရင်နီပြည်  ဘောလခဲမြို့မှာ ရေဘေးသင့်ပြည်သူတွေကို...
September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...