လှိုင်းဘွဲမြို့ စစ်ကောင်စီတပ်ရင်းများတွင် စစ်မှုထမ်းသင်တန်းဆင်းအရေအတွက် ရာကျော် အင်အားဖြည့်တင်း

လှိုင်းဘွဲမြို့ စစ်ကောင်စီတပ်ရင်းများတွင် စစ်မှုထမ်းသင်တန်းဆင်းအရေအတွက် ရာကျော် အင်အားဖြည့်တင်း

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီ၏တပ်ရင်း(၃)ရင်းတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် အရေအတွက် (၁၀၀)ရာကျော်စီ အင်အားဖြည့် တင်းလျက်ရှိသည်ဟု မြို့တွင်း သတင်းအရင်းအမြစ်များက ပြောသည်။

လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၂၈, ၃၃၈, ၃၃၉ တို့တွင် စစ်သင်တန်း(၃)လတာ သင်တန်းဆင်းလာသော တပ်သားသစ်များအား တပ်ရင်း(၁)ရင်းကို တစ်သုတ်(တစ်ဖွဲ့)လျှင် လူဦးရေ (၇၀)နှင့် နှစ်သုတ်စာ အရေအတွက် (၁၄၀) ဦးရေကို ပြီးခဲ့သည့်လပိုင်းမှစ၍ စစ်ကောင်စီက အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

ထို့ကြောင့် လတ်တလောအချိန်ထိ တပ်ရင်း(၃)ရင်းပေါင်း စုစုပေါင်း တပ်သား (၄၀၀)ကျော် အား စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်ဖြင့် အင်အားဖြည့်တင်းထားပြီးဖြစ်သည်ဟု တပ်နှင့်နီး စပ်သည့် မြို့ခံတစ်ဦးက ဆိုသည်။

“နှစ်ခေါက်ရှိပြီ တပ်ရင်းတစ်ရင်းကို အယောက်(၇၀)လူလာဖြည့်တယ်။ အကုန် စစ်မှုထမ်း သင်တန်း ဆင်းလာတဲ့လူတွေချည်းပဲ။ သူတို့ပြောတာတော့ စစ်တိုက်စရာမလိုဘူး၊ မဖြစ်မနေ ၂ နှစ်ပြည့် အောင်တော့ နေရမယ်။ သူတို့တပ်ရင်းလုံခြုံရေးအတွက်လို့ပြောတာပဲ။ မဟုတ်ရင် သူတို့တပ်ရင်းမှာ လူတစ်ယောက်မှမရှိတော့ဘူးလေ” ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ ပြောသည်။

ထိုသို့လူအင်အားဖြည့်တင်းလာပြီးသည့်နောက် ယခုစက်တင်ဘာလပိုင်းက စစ်ကောင်စီက ၎င်းတပ်ဖွဲ့ ဝင်အင်အား ၂၀၀ ‌ဝန်းကျင်ဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း စီတန်းလှည့်လည်ခြင်းပြုလုပ်ခဲ့ရာ စစ်တပ် လက် အောက်ခံ အုပ်ချုပ်ရေးမှူးမိသားစုဝင်အချို့မှ မုန့်ပဲသရေစာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး အနီးတဝိုက် နေထိုင်သူဒေသခံများမှာမူ တပ်အင်အားပြခြင်းကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ရသေးကြောင်း လှိုင်းဘွဲမြို့ခံတို့၏ပြောပြချက်အရ သိရသည်။

တချိန်တည်းတွင် စစ်ကောင်စီက မဖြစ်မနေ ရွေးကောက်ပွဲကျင်းပမည့်ကိစ္စနှင့်ပတ်သက်၍ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအား လာမည့် အောက်တိုဘာလ(၁)ရက်မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသလို လှိုင်းဘွဲမြို့တွင်လည်း ရာအိမ်မှူးများ၊ ဆရာ၊ဆရာမများအား သင်တန်းစတင်ပေးနေပြီဖြစ်သည်ဟု ဆိုသည်။

လှိုင်းဘွဲမြို့ခံ အမျိုးသမီးက “လှိုင်းဘွဲမှာ တစ်ရပ်ကွက်ကို(၄)ယောက် မဲကိစ္စအတွက်ဆိုပြီး (၃၃၉) တပ်ရင်းထဲမှာပဲ သင်တန်းခေါ်ပေးနေတယ်။ သူ့(စစ်ကောင်စီခန့်) ရာအိမ်မှူးတွေပဲခေါ်ပေးတာ သူတို့ပြောတာ မဲရွေးဖို့ လုံခြုံရေးအတွက် သင်တန်းပေးတယ်ပြောတာပဲ။ ရွာတွေတော့မပါသေးဘူး၊ တနင်္လာနေ့ကစပေးတယ်။ ကျောင်းဆရာ၊ဆရာမ တွေလည်း သန်းခေါင်စာရင်းကောက်ဖို့ သင်တန်းတက်နေကြပြီ။” ဟု ယနေ့တွင် ပြောသည်။

လှိုင်းဘွဲမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ နယ်မြေသတ်မှတ်ချက်အရ KNU တပ်မဟာ(၇)၊ ဖားအံခရိုင် ထိန်းချုပ်နယ်မြေအတွင်းရှိသော်လည်း စစ်ကောင်စီအပါအဝင် နယ်ခြား စောင့်တပ်-BGF တို့ လှုပ်ရှားရာ နယ်မြေလည်းဖြစ်သည်။

ယခုလို စစ်ကောင်စီဘက်က နိုင်ငံတကာအသိအမှတ်ပြုမှုရရေး ပထမခြေလှမ်းဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပရန် ပြည်နယ်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများအား လှိုင်းဘွဲမြို့အတွင်း စတင်လုပ်ဆောင်လာသည်နှင့်ပတ်သက်၍မူ BGF နှင့် KNU တပ်မဟာ(၇)ဘက်က ဆောင်ရွက်ချက် တစ်စုံတစ်ရာမတွေ့ရှိရသေးပေ။

အလားတူ စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွက် လူဦးရေနှင့်အိမ်ထောင်စုစာရင်း(သန်းခေါင်စာရင်း) ကောက်ယူရေးနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်း၊ သင်တန်းများအား တိုင်းနှင့်ပြည်နယ် အနှံ့အပြားတွင် ဟောပြောပို့ချ၊ သင်တန်းပေးနေသလို တိုင်းရင်းသားဒေသများတွင် စာရင်းကောက် လွယ်ကူရေး တိုင်းရင်းသားဘာသာစကားသင်ကြားရေး ဆရာ၊ဆရာမများပါ ခေါ်ယူလျက်ရှိသည်။

Most read this week

September 26, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...
September 25, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...
September 24, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် ဧည့်စာရင်းတိုင်ကြားရာ၌...
September 23, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း) မြို့နယ်ရှိ ရေဘေးသင့်...