ရခိုင်မြောက်ပိုင်း မိုးကြီးဦးမည်

ရခိုင်မြောက်ပိုင်း မိုးကြီးဦးမည်

ရခိုင်ပြည်မြောက်ပိုင်းတွင် မိုးကြီးဦးမည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာရှင်များက ခန့်မှန်းထားသည်။

ရခိုင်ရိုးမပေါ် မိုးအားအနည်းငယ်လျော့ကျလာနေသော်လည်း ရခိုင်ပြည်မြောက်ပိုင်းရှိ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်း၊ သံတွဲ၊ တောင်ကုတ်၊ မအီ၊ အမ်း၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့နယ်များတွင် မိုးကြီးဦးမည်ဟု မိုး/ဇလပညာရှင် Su Su San က ယနေ့ စက်တင်ဘာ ၁၃ ရက်တွင် ခန့်မှန်းထားသည်။

ယင်းအပြင် မကွေးတိုင်းအနောက်ပိုင်းဒေသ၊ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ မတူပီခရိုင်နှင့် ပလက်ဝဒေသများတွင်လည်း မိုးကြီးနိုင်သည်ဟု ဆိုထားသည်။

မိုး/ဇလပညာရှင် ဦးဝင်းနိုင်ကလည်း ယာဂိ (YAGI)မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းသည် မြန်မာပြည်ထဲမရှိတော့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်သွားပြီဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနေထိုင်သူမဟုတ်လျှင် စိုးရိမ်စရာမရှိတော့ဟု ယမန်နေ့ စက်တင်ဘာ ၁၂ ရက် ညတွင် ထုတ်ပြန်ထားသည်။

"အဲ့ဒီလေပွေလှိုင်းက ဘင်္ဂလားဒေ့ရှ်ကမ်းခြေနားမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး အနောက်ဘက် အိန္ဒိယနိုင်ငံမြောက်ပိုင်းကိုပဲ ဆက်လက်ရွေ့လျားနိုင်ကြောင်း တွေ့ရပါတယ်။ မြန်မာပြည်ဘက်ကို လာမှာမဟုတ်ပါ။ ရေကြီးနေတဲ့ဒေသတွေမှာတော့ မိုးပါးပါးသာ ရွာနိုင်ချေများပါတယ် မိုးမများနိုင်တော့ပါ"ဟု ဦးဝင်းနိုင်က ဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ပေါ်ရှိ လေပွေလှိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုးမပေါ်တွင် ယနေ့နံနက်မှ နေ့လယ် ၁၂ နာရီအထိ မိုးရေချိန် ၁၁၁ မီလီမီတာ - ၄.၃၇ လက်မ ရွာသွန်းနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

"ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြစ်ချောင်းရေတွေတက်လာနိုင်ပြီး တောင်ပြို-မြေပြိုတာတွေ ဖြစ်လာနိုင်ပါမယ်"ဟု ဦးဝင်းနိုင်က သတိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၇ နာရီအချိန်ထုတ်ပြန်ချက်တွင်လည်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေသည်ဟု သိရသည်။

"အဆိုပါ လေပွေလှိုင်းသည် ပိုမိုအားကောင်းလာနိုင်ပြီး နောက် (၁၂)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၄၈)နာရီအတွင်း ပိုမို အားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်"ဟု မိုး/ဇလ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့၌ မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေသည်ဟု သိရသည်။

ယနေ့ညနေအထိ ရခိုင်ပြည်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ကျန်တိုင်းနှင့်ပြည်နယ်အချို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုလည်း မိုး/ဇလက ဆိုသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်သည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀မှ ၄၅ မိုင် အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်သည်ဟု သိရသည်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မုတ္တမကွေ့၊  မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။

နောက်(၂)ရက်အတွင်း ရခိုင်ပြည်နှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဟု သိရသည်။

Most read this week

September 17, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ လူပေါင်း ၇၀ ကျော်အထဲမှ အမျိုးသမီးများနှင့်...
September 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာမှ ကျေးရွာသူ/သားများကို စစ်ကောင်စီတပ်က...
September 16, 2024
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဆေးရုံကြီး၌ တာဝန်ကျနေသော ဆရာဝန်ကြီးတချို့...