မိုးကြီးပြီး မြစ်ချောင်းများရေလျှံနေ၍ ကရင်နှင့်မွန်ပြည်နယ်မှ မြို့ ၉ ခု ရေဘေးကြုံ

မိုးကြီးပြီး မြစ်ချောင်းများရေလျှံနေ၍ ကရင်နှင့်မွန်ပြည်နယ်မှ မြို့ ၉ ခု ရေဘေးကြုံ

ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး မြို့နယ်ပေါင်းကိုးခုတွင် ရေကြီးနှစ်မြုပ်မှုဖြစ်ပေါ်နေပြီ ဒေသခံများရေဘေးကြုံနေကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်)မှစ၍ သောင်ရင်းမြစ်၊ သံလွင်မြစ်၊ ဘီးလင်းမြစ်၊ ဇမိချောင်း၊ ကော့ကရိတ်ချောင်းတို့ရေလျှံကာ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များမှအနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေမြင့်တက်လာပြီး အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂ ) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်အပါအဝင် အနိမ့်ပိုင်းဒေသများရေဝင်နေရာ ဒေသခံများကို လူမှုကူညီရေးအသင်းများက ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့ပေးနေကြကြောင်း သိရသည်။

“ မြဝတီကတော့ အနိမ့်ပိုင်းအားလုံးနီးပါးစိုးရိမ်ရပါတယ်။ မြုပ်နေပါပြီ။ လက်ရှိ နံနက် ၁၀ နာရီအထိကို ရေက တက်နေဆဲပါ။ မိုးကတိတ်ပေမယ့် အတက်မရပ်သေးပါခင်ဗျာ” ဟု မြဝတီမြို့နယ်တွင်း ရေကြီးမှုအခြေအနေကို သတင်းရင်းမြစ်တဦးက ပြောသည်။

ရေဘေးသင့်ပြည်သူများကို တောရကျောင်း၊ ကြခတ်တောကျောင်းနှင့် ကိုးနဝင်းကျောင်းတိုက်တို့တွင် ယာယီထားရှိကြောင်းသတင်းရရှိသည်။

ယနေ့(စက်တင်ဘာလ ၁၁ ရက်)နံနက် ၇ နာရီခွဲအချိန် တိုင်းတာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် ၁၀ ပေခွဲကျော်လွန်နေကြောင်း စစ်ကောင်စီလက်အောက်ခံမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ သံလွင်မြစ်ရေသည် ဘားအံမြို့နယ်တွင် ၎င်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး ကမ်းနားးလမ်းနှင့် အနိမ့်ပိုင်းရပ်ကွက်များအပြင် ကားလမ်းများပေါ်တွင်ပါ ရေလျှံနေကြောင်း သိရသည်။

ဘီးလင်းမြို့ပေါ် တွင်လည်း ရေကြီးရေလျှံမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်နေပြီး ဘီးလင်းမြို့ အားကစားခန်းမတွင် ကယ်ဆယ်ရေးစခန်ဖွင့်လှစ်ထားရသည်ဟု လူမှုကူညီရေးအသင်းတာဝန်ရှိသူထံက သိရသည်။

“ ပိတောက်လမ်း ကန်သာယာရပ်ကွက်က တော်တော်အခြေအနေဆိုးနေတယ်။ အိမ်ခြေက ၃၅ အိမ် လုံးလုံးမြုပ်နေတယ်။ နေလို့ မရတော့ဘူး။ ကျန်တဲ့ရပ်ကွက်တွေကတော့ နေလို့ရတဲ့နေရာ ရသေးတယ်။ရေကတော့ စိုးရိမ်ရေအမှတ်ကတော့ ကျော်သွားပြီ” ဟု ဒေသတွင်း လူမှုကူညီရေးအသင်းတခု၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယနေ့ညနေပိုင်းအထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအများစု၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဇလ‌ ဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်အပြင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် နေပြည်တော်မှမြို့နယ်အချို့လည်း ရေကြီးနစ်မြုပ်မှုကြုံတွေ့နေသည်။

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်လည်း မယ်ဆိုင်ချောင်းရေလျှံပြီး မြို့ခံများသည် စက်တင်ဘာလ ၁၀ရက်နံနက်မှစ၍ ဆိုးရွားသည့်ရေဘေးကြုံတွေ့နေရသည်။ လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးဦးစားပေးလုပ်ဆောင်နေရ၍ ဘေးသင့်ပြည်သူဦးရေစာရင်းကို အတိအကျမသိရှိရသေးကြောင်း ဒေသအသီးသီးမှ လူမှုကူညီရေးအသင်းအဖွဲ့အချို့ကပြောသည်။

တောင်တရုတ်ပင်လယ်မှ YAGI တိုင်ဖွန်းမုန်တိုင်း၏ အကြွင်းအကျန်လေပွေလှိုင်း မြန်မာနိုင်ငံသို့ဖြတ်သန်းနေသည့်အတွက် မိုးသည်းထန်စွာရွာသွန်းနေခြင်းဟု မိုးလေဝသအရေးလေ့လာသူဝင်းနိုင်က သတိပေးထားသည်။

ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့တွင် စက်တင်ဘာလ ၉ရက်မှစ၍ စက်တင်ဘာလ ၁၂ရက်အထိ မိုးကြီးနိုင်ပြီး ရေဘေးနှင့် မြေပြိုမှုဘေးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) က စက်တင်ဘာလ ၉ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 10, 2024
ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့...