အင်းတော်မြို့ နေအိမ်တစ်ချို့ကို စစ်တပ်ကမီးရှို့ဖျက်ဆီး

အင်းတော်မြို့ နေအိမ်တစ်ချို့ကို စစ်တပ်ကမီးရှို့ဖျက်ဆီး

စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့ရဲ့  မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

အရပ်သားနေအိမ်တွေကို စက်တင်ဘာလ ၉ ရက်နေ့ကစတင်ပြီး မီးရှို့ဖျက်ဆီးနေတာလို့သိရပြီး မြို့သိမ်းတိုက်ပွဲလည်းပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဘက်က နယ်မြေရှင်းလင်းတဲ့ပုံစံ နဲ့ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတာလို့ ရှေ့တန်းရောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။

“တိုက်ပွဲကဖြစ်နေဆဲ ရန်သူဘက်ကအင်းတော်ကိုမီးရှို့လိုက်တယ်။ ကာကွယ်ရေးတပ်တွေ အကာအကွယ်ယူ မယ့်နေရာ လမ်းကြောင်းတွေကိုရှင်းအောင်မီးရှို့လိုက်တဲ့သဘောဟုတ်တယ်။”လို့ ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက မြို့တွင်းနေအိမ်တစ်ချို့ကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပေမဲ့ ဒီကနေ့ရိုက်မိတဲ့ဒရုန်းမှတ်တမ်းတွေအရဆိုရင် နေအိမ်အတော် များများမီးလောင်ဖျက်ဆီးခံထားရတာကိုတွေ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

တစ်ဖက်မှာ အင်းတော်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုဘက်ကရော စစ်ကောင်စီဘက်ကပါ မည်သူမျှ ထိန်းချုပ်ထားနိုင်ခြင်းမရှိပဲ နှစ်ဖက်တပ်လုံးမြို့တွင်းစစ်ရေးလှုပ်ရှားတာတွေရှိတဲ့အတွက် နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ စာရင်းအချက်လက် အသေးစိတ်သိရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

“စစ်တပ်ဘက်ကလည်း မြို့ပေါ်ကိုထိန်းချုပ်ပြီးစစ်ကြောင်းထိုးနိုင်တဲ့အနေအထားမဟုတ်တော့ဘူး။ နှစ်ဖက်လုံး နေရာယူထားကြတာ။ သူတို့အထိုင်ချထားတဲ့နေရာဝန်းကျင်တော့သူတို့ထိန်းချုပ်နိုင်တာပေါ့။”  လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ အင်းတော်မြို့နယ်ထဲက ဒေသအခေါ် ဂျပန်လှိုဏ်ဂူမှာအထိုင်ချတပ်စွဲ ထားပြီး အဲ့ဒီနေရာကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေလုပ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကပြောပါတယ်။

မီးရှို့ခံနေရတဲ့ အင်းတော်မြို့ပေါ်ရပ်ကွက်တွေဟာလည်း စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် ဂျပန် လှိုဏ်ဂူနေရာနဲ့ ကပ်လျှက်အနီးတစ်ဝှိုက်မှာရှိတဲ့ရပ်ကွက်တွေဖြစ်တယ်လို့ သိရပြီး ဂျပန်လှိုဏ်ဂူတပ်စခန်းမှာ တပ်မ ၇၇ လက်အောက်ခံတပ်ရင်း အထိုင်ချထားပြီး မြို့တွင်းတပ်ဖြန့်ပြီးစစ်ရေးလှုပ်ရှားလျှက်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား အင်းတော်မြို့နယ်ထဲမှာ မကြာခဏ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း စစ်ရေးအရအရေးပါတဲ့ အင်းတော်မြို့ကို လက်မလွှတ်ရရေး အစွမ်းကုန်ခုခံနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ အင်းတော်မြို့နယ်ဟာ မြစ်ကြီးနား-ရွှေဘိုလမ်းမကြီးပေါ်မှာတည်ရှိတာဖြစ်ပြီး ကချင်ပြည်နယ်အတွက်အဓိကဝင်ပေါက်မြို့ဖြစ်သလို နှစ်ဖက်တပ်တွေအတွက် စစ်ရေးအရအရေးပါတဲ့မြို့ တစ်မြို့ ဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။

September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...
September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...