စစ်မှုထမ်းရန်အတွက် ပဲခူးတိုင်းတွင် အဓမ္မဖမ်းဆီးမှုများ လုပ်နေ

စစ်မှုထမ်းရန်အတွက် ပဲခူးတိုင်းတွင် အဓမ္မဖမ်းဆီးမှုများ လုပ်နေ

ပဲခူးတိုင်းဒေသကြီးထဲ မြို့နယ်အချို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ စစ်ကောင်စီ ထောက်ခံသူများနှင့် ၎င်းတို့ မိသားစုဝင်များပါ စစ်မှုထမ်းပါဝင်လာသည်ဟု ဌာနဆိုင်ရာ သတင်းအရင်းအမြစ် များက ပြောသည်။

ပဲခူးတိုင်းထဲက ပြည်နှင့် အုတ်ဖိုမြို့နယ်တို့တွင် လူငယ်အများစုမှ ထွက်ပြေးတိမ်းရှောင်နေကြသည် ဖြစ်ရာ လက်ရှိ စစ်မှုထမ်း အပတ်စဉ် ၄ တွင် သတ်မှတ်လူဦးရေ မပြည့်မီသဖြင့် စစ်ကောင်စီဖက်က ယခုကဲသို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။

အုတ်ဖိုမြို့ရှိ စစ်မှုထမ်း အကျုံးဝင်သူ လူငယ်တစ်ဦးက “အုတ်ဖိုမှာတော့ မနက်ပိုင်း ၈ နာရီလောက်နဲ့ ညနေ ရုံးဆင်းချိန်ပေါ့။ ပြောရမယ်ဆိုရင် ရုံးတက်ချိန် ဆင်းချိန်တွေမှာ စစ်တပ်နဲ့ အုပ်ကြီးက ပေါ်တင် ပေါ်တာလာ ဆွဲတာ။ သူတို့ လိုချင်တာက လူငယ်ပဲ။ လူကြီးလည်း အခု ၆၅ အထိ ပါတော့မှာဆိုတော့ သတိထားနေရမယ်။ ဒီကောင်တွေ မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု ပြောသည်။

အုတ်ဖိုမြို့နယ်တွင် ဩဂုတ်လ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့ နှစ်ရက်တာအတွင်း ပေါ်တာဆွဲခံရသူ အယောက် ၂၀ ရှိခဲ့ပြီး စစ်ကောင်စီ ထောက်ခံသည့် စစ်မှုထမ်းဟောင်း ဦးချိုတူးဆိုသူ၏ သားဖြစ်သူ ကိုစီဖိုးလည်း ပါဝင်သည်ဟု ဆိုကြသည်။

ကိုဖိုးစီအား စစ်မှုထမ်း ခေါ်ဆောင်ပြီးသည့် နောက်ပိုင်း မိသားစုဝင်များက ငွေကြေးဖြင့် လိုက်လံ ညှိနှိုင်းခဲ့ရာ စစ်ကောင်စီက မိသားစုဝင်တစ်ဦး ကင်းစောင့်ပေးရမည်ဟု ဆိုသဖြင့် ဖခင်ဖြစ်သူမှာ ကိုယ်စား တာဝန်ယူပေးနေ ရသည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အလားတူ ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ပြည်မြို့၊ မြို့သစ်ရပ်ကွက် ၃ လမ်းတွင်နေထိုင်သည့် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဝင်းကိုကို အပါအဝင် ကျောင်းသား ၂၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲခဲ့သည်ဟု ပုဂ္ဂိုလ်ရးအရ နီးစပ်သူ တစ်ဦးက ပြောသည်။

“ကားနဲ့ ရုတ်တရက် ဝေါခနဲဆို ရောက်လာပြီး အကုန်ဆွဲတင်တာနော်။ အရင်က လူစားထိုး ငှားလို့ရတယ်။ အခု က ငှားဖို့လည်း မရှိဘူး။ သူတို့လည်း ဖိအားများနေလို့ မငှားတော့ဘူး။ ကျောင်းသားဖြစ်ဖြစ်၊ ဝန်ထမ်းဖြစ်ဖြစ် အကုန်ဝင်ဆွဲမှာ။”

ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့တွင် စစ်မှုထမ်းအတွက် လူငယ် အယောက် ၄၀ ကျော်အား စစ်ကောင်စီက ပေါ်တာဆွဲခဲ့သေးသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် စစ်မှုထမ်း အပတ်စဉ် ၂ တွင်လည်း စစ်ကောင်စီ ထောက်ခံသူများက စစ်မှု မထမ်းလိုသဖြင့် အဓမ္မဆွဲခေါ်ခဲ့ရပြီး ရုန်းရင်းဆန်ခတ် အခြေအနေအချို့ ဖြစ်ပေါ်ခဲ့သည်ဟု ဝန်ခံထားသည်။

စစ်ကောင်စီက အသက် ၁၈ နှစ် မှ အသက် ၄၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ်အတွင်း အမျိုသမီးများကို ဖေဖော်ဝါရီလတွင် စစ်မှုထမ်းရန် ဥပဒေပြဌာန်းထားသည့် အပြင် ယခု ဩဂုတ်လ တွင်လည်း အသက် ၄၅ နှစ်မှ ၆၅ နှစ်အတွင်း အမျိုးသားများအား လုံခြုံရေးကြီးကြပ်အဖြစ် ပါဝင်ရမည်ဟု ထပ်တိုးပြဌာန်းထားသည်။

Most read this week

September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...
September 18, 2024
အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမား ၂၀၀ အထက် လုပ်ငန်းများရှိ...
September 17, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊...
September 17, 2024
မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက်...