မွန်က ရေကြီးနစ်မြုပ်ခဲ့တဲ့ စပါးတွေအတွက် စစ်ကောင်စီ လက်တွေ့ကူညီတာ မရှိဘူးလို့ တောင်သူတွေ ပြော

မွန်က ရေကြီးနစ်မြုပ်ခဲ့တဲ့ စပါးတွေအတွက် စစ်ကောင်စီ လက်တွေ့ကူညီတာ မရှိဘူးလို့ တောင်သူတွေ ပြော

မွန်ပြည်နယ်မှာ ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ စပါးတွေအတွက် မျိုးစပါး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ ကူညီရရှိမှု မရှိဘူးလို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုနှစ်မိုးစပါးရာသီအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့တဲ့ မိုးစပါးစိုက်ဧကတွေအတွက် စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်ပြီး သြဂုတ် ၂၆ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ မျိုးစပါး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် ရေကြီးနစ်မြုပ်ခဲ့တဲ့ မြို့နယ်တွေအတွက် မျိုးစပါးဘယ်လောက် ထောက်ပံ့ခဲ့တာ၊ ဘယ်လိုပုံစံမျိုး ထောက်ပံ့ပေးအပ်သွားမလဲဆိုတာကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိပါဘူး။

ရေကြီးနစ်မြုပ်မှုကြောင့် လယ်ဧက ၁၀ ဧကထက်မနည်း ပျက်စီးခဲ့တဲ့ ပေါင်မြို့နယ်နေ တောင်သူတစ်ဦး ကတော့ မျိုးစပါးထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ ထောက်ပံ့တာ လုံးဝမရှိဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ဘက်မှာတော့ အဲဒီမျိုးစပါး ပေးသံ မကြားဘူး။ ဟိုစာရင်း ကောက်တာတွေ ဘာတွေလည်း မကြားသေးဘူး။ မျိုးစပါး ထောက်ပံ့တာတွေ ဘာတွေကတော့ မရှိဘူး။ မရှိဘူး မကြားဘူး။ လုံးဝ မရှိဘူး” လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က မျိုးစပါးထောက်ပံ့ပေးပွဲကို ပြည်နယ်အဆင့် လုပ်ဆောင်တယ်လို့ ဆိုပေမယ့် ဒေသတွင်းက တောင်သူ အများစု မသိရသလို တကယ့် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ တောင်သူတွေလည်း မရဘဲ သူတို့နဲ့ နီးစပ်တဲ့ တောင်သူတွေကိုသာ ခေါ်ပေးတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ တောင်သူတွေက ဝေဖန်ပါတယ်။

ဘီးလင်းမြို့နယ်နေ တောင်သူတစ်ဦးကလည်း အရင်က စပါးကွင်းတွေ ရေကြီးနစ်မြုပ်ပြီး ထိခိုက်ပျက်စီးရင် ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ထောက်ပံ့ပေးတာတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ ပျက်စီးသွားတဲ့ လယ်ဧကတွေအပေါ် ဂရုတောင်မစိုက်ဘူးလို့ ပြောပါတယ်။

“ခက်ရှင်းရှင်းပြောမယ်ဆိုလိုရှိရင် ပြည်သူ့အစိုးရလက်ထက်တုန်းကတော့ ဒါမျိုးတွေကို ကူညီတာတွေ မျိုးစပါးတွေကို ရောင်းပေးတာတို့ ပြန်လည်ထူထောင်စရိတ် သူတို့ တက်နိုင်တဲ့ အတိုင်းအတာလေးတော့ ပေးကြတာပေါ့လေ၊ အခုအချိန်မှာတော့ ဒီဟာကို စစ်ကောင်စီက အသိအမှတ်တောင် မပြုဘူး။ လယ်သမားတွေ တော်တော် မျိုးစပါးအခက်အခဲ ဖြစ်တယ်။ အခုလို ရေကြီးတဲ့အချိန် ဘယ်လှည့်ကြည့်မှာလဲ။ ဂရုတောင် မစိုက်ဘူး” လို့ ဆိုပါတယ်။

လက်ရှိမှာ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ စပါးတွေအတွက် တောင်သူတွေဟာ အချိန်မီ ပြီးစီးဖို့ ကိုယ်ထူကိုယ်ထ ချေးငှားပြီး စိုက်ပျိုးရတာ ရှိသလို တချို့ တောင်သူတွေအနေနဲ့ ပြန်လည် မစိုက်ပျိုးနိုင်တော့ တဲ့ အခြေအနေ ဖြစ်ပေါ်နေရတာပါ။

ဒါပေမယ့် တောင်သူအများစုဟာ ရေကြီး နစ်မြုပ်ပြီး ပျက်စီးသွားတဲ့ စပါးတွေကို ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုးစပါး၊ သွင်းအားစု၊ သယ်ယူပို့ဆောင်ရေးစရိတ် အပါအဝင် အထွေထွေကုန်ကျစရိတ်အဖြစ် တစ်ဧကလျှင် ကျပ်သိန်းဆယ်နဲ့ချီ ကုန်ကျနိုင်တာကြောင့် ပြန်လည်စိုက်ပျိုးမှု မရှိတော့ဘူးလို့ သိရပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်က မိုးအဆက်မပျက် ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရောနဲ့ မုဒုံ မြို့နယ်အတွင်းက မိုးစပါးစိုက်ဧကပေါင်း ထောင်နဲ့ချီ ပျက်စီးခဲ့ပါတယ်။

Most read this week

September 14, 2024
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာ ၁၂ ရက်နေ့...
September 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့်...
September 12, 2024
မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထံ ငွေကြေးထောက်ပံ့တာတွေ လုပ်...
September 11, 2024
မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့်...