UWSA ထိန်းချုပ်သည့် နမ့်တစ်ရှိ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ပိတ်ထား

UWSA ထိန်းချုပ်သည့် နမ့်တစ်ရှိ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ပိတ်ထား

မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း ‘ဝ’ တပ်ဖွဲ့ (UWSA) ထိန်းချုပ်ထားသည့် နမ့်တစ်မြို့ ရှိ မန်ခါးဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။

UWSA ထိန်းချုပ်သည့် နမ့်တစ်မြို့ နယ်စပ်ဂိတ်ကို သြဂုတ်(၂၄)ရက်တွင် တရုတ်နိုင်ငံဘက်မှ စတင်ပိတ်လိုက်ပြီး၊ ကုန်သွယ်ပစ္စည်း သယ်ယူခွင့်ကို ကန့်သတ်ထားကာ ကျန်ရှိနေသည့် ဆောဖားဂိတ်နှင့် ပန်ဆန်းဂိတ်ကြီးတွင်လည်း စစ်ဆေးမှု တင်းကြပ်လာကြောင်း ဟိုပန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဩဂုတ်လ အစကတည်းက စစ်ဆေးမှု တင်းကြပ်လာတယ်။ ဩဂုတ်လ ၂၄ ရက်မှာတော့ လုံးဝပိတ်ချလိုက်တယ်။ ကုန်သည်တွေ ပစ္စည်းသယ်တာလည်း ပိတ်ထားတယ်။ ကျန်တဲ့ ဆောဖားဂိတ်နဲ့ ပန်ဆန်းဂိတ်ကြီးတွေတောင် စစ်ဆေးတာတွေ အရမ်းတင်းကြပ်ပြီး ပိတ်မယ်လို့ ကြားတယ်”ဟု ၎င်းကုန်သည် အမျိုးသားက ပြောသည်။

မန်ခါးဂိတ်ကို တရုတ်ဘက်မှ ပိတ်ပင်ထားခြင်းဖြစ်ကြောင့် ပြည်သူများ ကုန်စည်သွားလာမှုနှင့် စားသောက်ကုန် တင်သွင်းရန် ခက်ခဲနေပြီး နမ့်တစ်မြို့နှင့် ဆက်စပ်နေသည့် ဟိုပန် ၊ ပန်လုံ ၊ ပန်ဝိုင်ဒေသတွင် ကုန်စည်စီးဆင်းမှုများ ရပ်တန်းလိုက်ရသည်။

ထို့အပြင် တရုတ်နိုင်ငံသို့ ဆေးကုသရန် လိုအပ်နေသည့် လူနာများအတွက် ယခုကဲ့သို့ ဂိတ်များပိတ်ထားမှုကြောင့် ပြည်သူလူထု အများအပြား ဒုက္ခရောက်ပြီး စိုးရိမ်နေရကြောင်း သိရသည်။

“ အဲဂိတ်ပိတ်လိုက်တော့ ‘ဝ’ဒေသထဲကို စီးပွားရေး လုပ်နေတဲ့သူတွေ၊ ပြီးတော့ ‘ဝ’ဒေသက လာတဲ့ ကုန်စည်တွေကို အားကိုးနေရတယ်လေ။ ပြည်သူတွေအတွက်တော့ စားဝတ်နေရေးက အစ စိုးရိမ်နေရပြန်တယ်။ ဆေးကုသမှု လိုအပ်ရင်ရော ဘယ်လိုလုပ်မလဲ” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှ စတင်ပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့နယ်မှ ချင်းရွှေဟော် နယ်စပ်ဂိတ်၊ မူဆယ်မြို့နယ်မှ ပန်ဆိုင်းနှင့် ကျင်းစန်းကျော့ နယ်စပ်ဂိတ်တို့အပြင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်မှ နောင်တောင်း ကုန်သွယ်ရေးသီးသန့်ဂိတ်တို့ကို တရုတ်အာဏာပိုင်ဘက်မှ စတင်ပိတ်ပင်လိုက်ကြောင်း ကုန်သည်များက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ်လ ၁၄ ရက်တွင် နေပြည်တော်၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ပြီး (၂) ပတ်အကြာ မြန်မာ-တရုတ်နယ်စပ်၌ တရုတ်ဘက်မှ ဩဂုတ်လ (၂၇) ရက်မှ စတင်ပြီး သုံးရက်ကြာမြင့်မည့် စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်မည်ဖြစ်ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် လုံခြုံရေး ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း ဆိုသည်။

September 13, 2024
သျှမ်းတောင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က စတင် ဖြစ်ပွားနေသည့် ရေကြီး မြေပြိုမှုများကြောင့်...
September 13, 2024
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့...
September 12, 2024
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့...
September 12, 2024
သျှမ်းပြည် မြောက်ပိုင်းရှိ မြို့များတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်...