မိုးမောက်၊ မံစီဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေ

မိုးမောက်၊ မံစီဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေ

မိုးမောက်မြို့နယ်တစ်ခုလုံးအတွက် အရေးပါတဲ့ ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းအပြင် မြေပြင်စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့စတင်ပြီး စစ်ကောင်စီတပ်တွေ ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ ခုနဲ့ မိုးမောက်နဲ့ မံစီ စစ်မျက်နှာ ၂ ခုမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီနေ့ ဩဂုတ်လ ၂၆ ရက်နေ့ထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကိုပြောပါတယ်။

“ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ခုလောက်နဲ့ ထိုးစစ်တက်လာတယ်။ ၅ မိုင်နဲ့ ၆ မိုင် နေရာတွေမှာ တိုက်ပွဲပြန်ဖြစ်နေတာ ၂၄ ရက်နေ့ကတည်းကဟုတ်တယ်။ ဒီကနေ့အထိဆိုရင် ၂ ရက်လောက်ရှိပြီ။ ဗန်းမော်ကနေ မံစီဘက်ကို ထိုးနေလို့ ကောင့်ဂျာယန် မှာလည်း တိုက်ပွဲပြန်ဖြစ်နေတာ”လို့ပြောပါတယ်။

မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ၅ မိုင်နဲ့ ၆ မိုင် အထိထိုးစစ်ဆင်နေပြီး KIA ပူးပေါင်းတပ်တွေကလည်း ကျော်တက်လို့မရအောင် တန်ပြန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အလားတူ မံစီဘက်မှာလည်း ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကောင့်ဂျာယန်မရောက်မှီ အနီးတဝိုက်ရှိတဲ့ ကျေးရွာတွေမှာ စစ်ကြောင်းထိုးထားပြီး အပြန်အလှန်တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက်  ဩဂုတ်လ ၂၀ ရက်နေ့မှာ ကောင့်ဂျာယန် တဝိုက်လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းကာကင်း တပ်စခန်း ၂ နေရာကို KIA က လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီရှေ့တန်းတပ်စခန်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်တွေက ကောင့်ဂျာယန်မရောက်မှီ ဖန်းခါးကုန်းအနီးရှိ ခလရ ၄၇ တပ်ရင်းမှာ လာရောက်စုပေါင်းသွားပြီး လက်ရှိ မံစီမြို့နယ်ထဲ ကျန်ရှိနေတဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကို လက်မလွတ်ရေးအတွက် စစ်ကောင်စီကနေ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဗန်းမော်မြို့နယ်ထဲက တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်း ကောင့်ဂျာယန်ကနေ တပ်စွန့်ခွာတဲ့ စစ်တပ်တွေက မြို့နဲ့ဝန်းကျင် ဖန်းခါးကုန်းအနီးမှာ ခလရ ၄၇ တပ်ရင်းရှိတယ်။ အဲဒီနေရာမှာ သွားစုသွားကြတာ။ အဲဒါကြောင့် ကောင့်ဂျာယန်ဘက်ကို ထိုးစစ်ပြန်ဆင်လာတဲ့ သဘောပါ။ လောလောဆယ် စစ်တပ်က ကောင့်ဂျာယန်ကိုတော့ မကျော်နိုင်သေးဘူး။ အဓိကတော့ မံစီမြို့ထဲက ၆၀၁ နဲ့ ၃၁၉ က အရေးပါတဲ့တပ်တွေဖြစ်တဲ့အတွက် ထိုးစစ်ပြန်ဆင်တာလို့မြင်တယ်”လို့ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်က တပ်စခန်းလက်လွတ်လိုက်ရတဲ့ မိုးမောက်နဲ့ မံစီ ဘက်ကို စစ်မျက်နှာ ၂ ခုဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်တာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။

တစ်ဆက်ထဲမှာပဲ စစ်ကောင်စီတပ်တွေဟာ ကုန်းလမ်းနဲ့ ထိုးစစ်ဆင်နေသလို ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီ ၂ နေရာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆက်သိရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ မံစီ ဘက်ဆိုရင် ဗန်းမော်မြို့ဘက်ကနေ လက်နက်ကြီးတွေပါ ပစ်ခတ်ပေးနေတာကြောင့် ဗန်းမော်ဒေသခံတွေက ထိတ်လန့်စိုးရိမ်တာတွေဖြစ်နေကြတယ်လို့ သိရပါတယ်။

မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA သိမ်းပိုက်လိုက်တဲ့နောက် မိုးမောက်မြို့နယ်တစ်ခုလုံးဟာ စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်ပါတယ်။

အလားတူ မံစီမြို့နယ်တစ်ခုလုံးမှာလည်း  ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုသာ ကျန်ရှိနေတော့တာကြောင့် စစ်ကောင်စီတပ်တွေဟာ တပ်စခန်းလက်မလွတ်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...
September 11, 2024
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့...