သီပေါ ၃ ရက်ဆက်တိုက် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံး

သီပေါ ၃ ရက်ဆက်တိုက် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေဆုံး

သျှမ်းပြည် သီပေါမြို့တွင် စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး၊ ကလေး တစ်ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက် ၄ နာရီခွဲခန့်တွင် သီပေါမြို့ နားမခေါ်ကျေးရွာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် (၁၀) နှစ်အရွယ် ကလေးတစ်ဦး ဝမ်းဗိုက်တွင် ဗုံးစထိမှန်ပြီး ဆေးကုသမှု ခံယူနေရကြောင်း သီပေါဒေသခံများက ပြောသည်။

“နားမခေါ်ရွာမှာ ကျတာ ဒီမနက် ၄ နာရီခွဲမှာ၊ လေယာဉ်နဲ့ ဗုံးလာကြဲတာ နှစ်လုံးကျတယ် အသံလည်း ပြင်းတယ်။ အခုကတော့ ကလေးတစ်ယောက်ကို ထိထားတယ်။ ဗုံးစ ဗိုက်နားထိတာ၊ အသက် ၁၀ နှစ်လောက်ပဲ ရှိသေးတယ်။ အခု နမ့်လန်ဆေးရုံကနေ မိုင်းကိုင်ဆေးရုံကို လွှဲနေတယ်”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်မှ သီပေါမြို့နယ် နားမခေါ်ရွာသို့ လေကြောင်းဗုံးကြဲမှုကြောင့် စာသင်ကျောင်းနှင့် ပြည်သူနေအိမ် ထိခိုက်ပျက်စီးခဲ့သလို ဩဂုတ်လ တတိယပတ်အတွင်းကလည်း ကောင်းဟက်ရွာသို့ လူအိမ်မောကျချိန် နံနက်အစောပိုင်း လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၄ နှင့် ၂၅ ရက်တို့တွင်လည်း သီပေါမြို့ပေါ် အနောက်ရပ်ကွက်နှင့် ရွှေကျောင်းအတွင်း တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့များမှ လက်နက်ကြီးဖြင့်  ရမ်းသမ်းပစ်ခတ်လာခြင်းကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

“ရှေ့တရက်က ရွှေကျောင်းဘက်မှာ ဦးလေးကြီး နှစ်ယောက်ဆုံးတယ်၊ တစ်ယောက်ဆိုရင် ခေါင်းကျေမွသွားတာ။ အန်တီတစ်ယောက်ကတော့ ဒဏ်ရာပြင်းတယ်။ မနေ့က အနောက်ရပ်ဘက် လက်နက်ကြီးထပ်ကျတော့ နောက်တစ်ယောက် ထပ်ဆုံးတယ်၊ စုစုပေါင်း ၃ ယောက် ဆုံးတာ”ဟု သီပေါမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် သီပေါမြို့ပေါ် တိုက်ပွဲရပ်တန့်နေသော်လည်း TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မြို့တွင်းရပ်ကွက်များသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တဘက်သက် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သီပေါမြို့နယ် နောင်ကော်အခြေစိုက် ခလရ-(၁၄၇) တပ်ကို သိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီတပ်မှ အနီးအနား ကျေးရွာများသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

သီပေါမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ရက်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အတွင်း ပိတ်မိနေသည့် အရပ်သားပြည်သူများ ဗုံးဆံထိမှန် သေဆုံးပြီး နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သား (၂၀) ကျော် သေဆုံးပြီး (၅၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

September 13, 2024
သျှမ်းတောင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က စတင် ဖြစ်ပွားနေသည့် ရေကြီး မြေပြိုမှုများကြောင့်...
September 13, 2024
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့...
September 12, 2024
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့...
September 12, 2024
သျှမ်းပြည် မြောက်ပိုင်းရှိ မြို့များတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်...