EAOs ထိန်းချုပ်ဒေသတွေထိ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီခြေလှမ်း

EAOs ထိန်းချုပ်ဒေသတွေထိ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီခြေလှမ်း

အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေအတွင်း ကျင်းပနိုင်ရေး စစ်ကောင်စီအပါအဝင် အပစ်ရပ်ထိုး EAOs တွေနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ဆွေးနွေးခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၁၅ ရက်နေ့မှာ ထုတ်ပြောပြီးနောက်ပိုင်း အခုလိုစစ်ကောင်စီနဲ့ မိတ်ဘက်အဖွဲ့တွေရဲ့ သုံးပွင့်ဆိုင်ဆွေးနွေးမှု ပထမဆုံးဖြစ်လာပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေနဲ့ ရုပ်သံသတင်းတွေရဲ့ ဖော်ပြချက်အရ စစ်ကောင် စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ၊အပစ်ရပ်ထိုး EAOs တွေနဲ့ ပါတီအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ ဩဂုတ် ၂၃ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံမှုမှာ ရွေးကောက်ပွဲနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လုံခြုံရေးကိစ္စရပ်တွေအပေါ် ရွေးကောက်ပွဲ‌ အောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးစေလိုတဲ့ အခြေအနေတွေ ဆွေးဆွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အတိုက်အခံအဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က စစ်တပ်နဲ့ဘယ်လိုမှ ငြိမ်းချမ်းရေးရရှိမှာ မဟုတ်ဘူးဆိုတာ ဘဝတွေ၊ အသက်တွေနဲ့ရင်းပြီး နားလည်ခဲ့ကြပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီအကြမ်းဖက်စစ်တပ်နဲ့ ဘယ်လိုမှ ငြိမ်းချမ်းရေးရရှိမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ဘဝတွေ အသက်တွေ နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီးတော့ ဒါကိုပိုင်ပိုင်နိုင်နိုင် နားလည်ခဲ့ကြပြီးဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဆိုပြီး ဆင်နွှဲနေရတာဖြစ်ပါတယ်။ အခုချိန်ကျမှ ကမူးရှူးထိုးနဲ့ အကြမ်းဖက်စစ်တပ် စစ်ရှုံးချိန်ရောက်မှ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဆိုပြီး ထအော်ပြီးတော့ အခြားသောလိုင်းတွေကို တင်လာတာတို့ တော်လှန်ရေးအင် အားစုဘက်က လုံးဝလက်ခံနိုင်စရာအကြောင်းမရှိပါဘူး”လို့ ဆိုပါ တယ်။

စစ်အုပ်စုထိန်းချုပ်ထားတဲ့ နယ်မြေကလည်း ၂၈ ရာခိုင်နှုန်းပဲရှိတော့တဲ့အတွက် တရားဝင်မှုနဲ့ လုပ်နိုင်စွမ်းမရှိတဲ့ ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် သဘောထားနေတာဟာ ဆင်ခြင်တုံတရားကင်းမဲ့တယ်လို့ ဦးနေဘုန်းလတ်က ဝေဖန်ပါတယ်။

စစ်ကောင်စီကတော့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေအတွင်း ရွေးကောက်ပွဲကျင်းပရာမှာ လိုအပ်တဲ့ ပူးပေါင်းမှုတွေ လုပ်ဆောင်ပေးနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး သုံးပွင့်ဆိုင်တွေ့ ဆုံမှုကနေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါဟာ အပစ်ခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားပြီး လက်ရှိအချိန်ထိ စစ်ကောင် စီနဲ့ တွေ့ဆုံဆွေးနွေးနေကြတဲ့ EAOs တွေရဲ့ ထိန်းချုပ်ဒေသတွေမှာလည်း ရွေးကောက်ပွဲကျင်းပနိုင် ခြေရှိတယ်လို့ သံလွင်တိုင်းမ်က နားလည်ရပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ မြန်မာနိုင်ငံရဲ့အဖြေဟာ ရွေးကောက်ပွဲမဟုတ်သလို ပက တိအခြေအနေအရ တည်ငြိမ်မှုမရှိတဲ့ကာလမျိုးမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“ဒီနိုင်ငံရဲ့အဖြေက ရွေးကောက်ပွဲမဟုတ်ဘူး။ ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေလည်း လော လောဆယ်မှာမရှိဘူး။ ပကတိမြေပြင်အခြေအနေမှာ တည်ငြိမ်မှု၊ အေးချမ်းသာယာမှု၊ ငြိမ်ဝပ်ပိ ပြားမှုမရှိတဲ့ကာလမျိုးမှာ ရွေးကောက်ပွဲတစ်ခုကို Free and Fair ဖြစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့်သူတို့အနေနဲ့ မိတ်ဘက်တွေနဲ့ ဆွေးနွေးတယ်။ မိတ်ဘက်ပါတီတွေ၊ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့အစည်းတချို့နဲ့ ဆွေးနွေးတယ်ဆိုတာ သူ့ဘက်က (စကစ) လုပ်ချင်တဲ့ဆန္ဒကို ပြ တာပဲဖြစ်တယ်။ လက်တွေ့မြေပြင်မှာ လုပ်လို့ရနိုင်မယ့် အခြေအနေတော့မရှိဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာ နိုင်ငံမြောက်ပိုင်း၊အနောက်ပိုင်းနဲ့ အလယ်ပိုင်း‌ဒေသတွေမှာ တော်လှန်ရေး EAOs တွေအပါအဝင် NUG လက်အောက်ခံ PDF တပ်တွေနဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဖိအားတွေကို စစ်ကောင်စီ ရင်ဆိုင်နေရတာပါ။

မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ BNI-Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့ပေါင်းဟာ ၇၀ ကျော်အထိ ရှိလာပါပြီ။ အဲဒီမြို့ တွေရဲ့ အုပ်ချုပ်ရေးအဆင့်ကိုကြည့်ရင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ မြို့အဆင့်နဲ့ မြို့နယ်ခွဲအဆင့်မြို့တွေလည်း ပါဝင်တာတွေ့ရပါတယ်။

လွတ်လပ်တဲ့ နိုင်ငံရေး၊ စစ်ရေးသုတေသနအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်းဌာနချုပ်တွေနဲ့ တပ်စခန်းပေါင်း ၂၅၀၀ ကျော်ကို ဆုံးရှုံးခဲ့ပြီး ဖြစ်ပါ တယ်။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကို လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ကျင်း ပနိုင်တဲ့ နယ်မြေတွေကို အရင်ကျင်းပကာ ကျန်နယ်မြေတွေကိုတော့ လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ပြီး ဆက်လက်ကျင်းပမယ်လို့ ပြီးခဲ့တဲ့ကာလုံအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဒါဟာ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပဖို့ စစ်ကောင်စီဘက်က လျာထားတဲ့သဘောမျိုးဖြစ်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တပြိုင်နက်တည်း ကျင်းပခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးက မတည်ငြိမ်မှုတွေ စစ်ရေးအကျပ်အတည်းတွေကို ရုန်းထွက်ဖို့ ရွေးကောက်ပွဲကျင်းပနိုင်ရေးဟာ ပြဿနာရဲ့အဖြေလို့ ယူဆထားတဲ့အတွက် နိုင်ငံတကာထောက်ခံလာအောင် ကြိုးပမ်းနေတဲ့သဘောလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဦးဖေသန်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို မဖျက်သိမ်းဘဲ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် စစ်တပ်ကိုပြန်ပြီး အာဏာအပ်တာဖြစ်တဲ့အတွက် ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်စနစ် ရှင်သန်နိုင်မှာမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

“ဖွဲ့စည်းပုံကိုယ်၌က စစ်တပ်က နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ပါရမယ်ဆိုတဲ့ ပြဌာန်းချက်ရှိတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံမှာ မဖျက်သိမ်းဘဲ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် နောက်တစ်ကြိမ် စစ်တပ်ကိုပြန်ပြီးတော့ အာဏာအပ်တာနဲ့ အတူတူပဲပေါ့။ အဲဒါကြောင့် တိုင်းရင်းသားပြည်သူတွေ လိုလားနေတာ ဖက်ဒရယ်စနစ်ပေါ့။ အဲဒီစနစ်ဟာ စစ်တပ်ရှိသမျှ ၂၀၀၈ ဖွဲ့စည်းပုံပေါ်မှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့ လိုသလို စစ်တပ် နိုင်ငံရေးလောကကနေ အပြီး တိုင် ထွက်ခွာမှသာ မြန်မာ့အကျပ်အတည်းဟာ ဖြေရှင်းနိုင်မယ်လို့ ဒီမိုကရေစီရေးနဲ့ တော်လှန်ရေးအင်အားစုတွေက လက်ခံယုံကြည်ထားကြပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တဲ့ အပစ်ရပ်ထိုး EAOs တွေထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး၊ မွန်ပြည်သစ်ပါတီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ပါဝင်ပါတယ်။

ပါတီအစုအဖွဲ့မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ပြည်သူ့ပါတီ၊ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အလုပ်အဖွဲ့ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးကြပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ရွေးကောက်ပွဲကျင်းပရေး သုံးပွင့်ဆိုင်ဆွေးနွေးမှုနဲ့ပတ်သက်ပြီး အပစ်ရပ်ထိုး EAOs ပြောခွင့်ရသူကို ဖုန်းခေါ်ခဲ့ပေမယ့် လမ်းခရီးပေါ်ရောက်နေတဲ့အတွက် ပြန်လည်ဆက်သွယ်မယ်လို့ အကြောင်းပြန်ပါတယ်။

အလားတူ နိုင်ငံရေးပါတီများအစုအဖွဲ့ အလုပ်ဖွဲ့ခေါင်းဆောင် ဒေါက်တာအေးမောင်ကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

September 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့်...
September 12, 2024
မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထံ ငွေကြေးထောက်ပံ့တာတွေ လုပ်...
September 11, 2024
မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်တာကြောင့်...
September 10, 2024
စစ်တပ်ကနေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဥပဒေအရ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ...