ချီဖွေနဲ့ ပန်ဝါဒေသမှာ ပြည်သူ့စစ်အတင်းအဓမ္မစုဆောင်းနေတဲ့အတွက် နေထိုင်ဖို့အခက်အခဲဖြစ်နေ

ချီဖွေနဲ့ ပန်ဝါဒေသမှာ ပြည်သူ့စစ်အတင်းအဓမ္မစုဆောင်းနေတဲ့အတွက် နေထိုင်ဖို့အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားသစ်အတင်းအဓမ္မစုဆောင်းနေတာကြောင့် ဒေသခံပြည်သူတွေ နေထိုင်မှုအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကနေ ချီဖွေနဲ့ ပန်ဝါဒေသမှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ကျေးရွာ၊ ရပ်ကွက်နဲ့ လုပ်ငန်းခွင်တွေမှာ တပ်သားလိုက်စုဆောင်းနေတယ်လို့ ချီဖွေဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

“အခုချိန်မှာ ဒေသခံပြည်သူတွေက အပြင်လည်းထွက်လို့မရ ထွက်ပြီဆိုကတည်းက တပ်သားစုဆောင်းခံရမှာကြောက်ရ။ ဒေသမှာ နေထိုင်ဖို့တော်တော်လည်း ခက်ခဲနေကြတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားမှာ ကုန်စျေးနှုန်းတွေက မဆမတန်တက် ငွေရှာရမယ့် နေရာကမရှိ။ သွားဖို့ လာဖို့ဆိုရင်လည်း တပ်သားစုဆောင်းခံရမှာကကြောက်ရနဲ့ သတ္ထုဆိုက်တွေလည်း ဖမ်းနေတယ်လို့ ဆိုတော့ တော်တော်ခက်ခဲနေကြတယ်”လို့ပြောပါတယ်။

ချီဖွေဒေသမှာ အရင်က ပြည်သူ့စစ်လုပ်ဖို့ တပ်သားစုဆောင်တာတွေပုံမှန်ရှိပေမယ့်  ဒီတစ်ကြိမ် တပ်သားစုဆောင်းတဲ့ ပုံစံဟာကျေးရွာဒေသအတွင်း သွားလာလှုပ်ရှားတဲ့ သူတွေ၊ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ သူတွေ၊ နေအိမ်မှာ ရှိနေတဲ့ သူတွေကို အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

တပ်သားလိုက်လံစုဆောင်းတဲ့အခါမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ အတူ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေပူးပေါင်း ဖမ်းဆီးနေတယ်လို့ပြောပါတယ်။

အခုလို ပြည်သူ့စစ်လုပ်ဖို့ အတင်းအဓမ္မလိုက်လံဖမ်းဆီးနေတာဟာ ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီဖြစ်ပြီး အသက် ၃၅ အထိရှိတဲ့ လူကြီး၊ လူငယ်မရွေးအကုန်လုံးကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ပန်ဝါဒေသမှာဆိုရင် ကချင်ပြည်နယ်အနှံ့က သတ္ထုလုပ်ငန်းလာရောက် လုပ်ကိုင်နေကြတဲ့ သူတွေအများဆုံးဖမ်းဆီးခံနေရပြီးတော့ ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ ဖမ်းဆီးခံရသူ ရာဂဏန်းရှိပြီလို့ ပန်ဝါဒေသမှာရောက်ရှိနေတဲ့ လူငယ်တစ်ဦးထံကနေ သိရတာလည်းဖြစ်ပါတယ်။

ပန်ဝါဒေသရဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းခွင်တစ်ချို့မှာက ချီဖွေမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ သူတွေကိုသာ ဖမ်းဆီးနေတယ်လို့လည်း ဆက်သိရပါတယ်။

ဒါ့အပြင် ချီဖွေမြို့ပေါ်မှာလည်း ပြည်သူ့စစ်အဖွဲ့တွေ တပ်သားစုဆောင်းသွားတဲ့ သူတွေ အယောက် ၁၀၀ ဝန်းကျင်လောက်ရှိပြီလို့လည်း ချီဖွေဒေသခံတွေပြောပါတယ်။

ချီဖွေနဲ့ ပန်ဝါဒေသမှာ အခုတစ်ကြိမ် ပြည်သူ့စစ်လုပ်ဖို့ တပ်သားစုဆောင်းနေဟာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေကို ကျင့်သုံးနေပြီဖြစ်လို့ ချီဖွေဒေသခံ တစ်ဦးကဆက်ပြောပါတယ်။

“ဒီဘက်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေက အာဏာသိမ်းစစ်တပ်နဲ့ တစ်ဖွဲ့တည်းပါပဲ။  နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ အထူးဒေသ(၁) ဆိုတော့ သူတို့ဖမ်းချင်သလိုဖမ်းနေကြတယ်။ ဒါဟာ စစ်တပ်ရဲ့ လက်ကိုင်တုတ်လုပ်ပေးဖို့ လုပ်ဆောင်နေကြတယ်လို့ပဲ မြင်ပါတယ်”လို့ဆက်ပြောပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်တပ်က စစ်မှုမထမ်းမနေရ မြန်မာတစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာလိုက်တဲ့နောက်ပိုင်း မန္တလေး၊ ရန်ကုန် အောက်ပိုင်းဒေသဘက်မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာနဲ့ ခေါ်ယူလုပ်ဆောင်းခိုင်းနေပြီဖြစ်ပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ်မှာတော့ စစ်မှုထမ်းဖို့ တရားဝင်ဆင့်ခေါ်စာနဲ့  ပွင့်လင်းမြင်သာစွာ လုပ်ဆောင်လာတာဟာ ဒီကနေ့ အထိ မတွေ့ရသေးပေမယ့် ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေလက်အောက်မှာ စတင်ကျင့်သုံးနေပြီလို့ ချီဖွေဒေသခံတွေက ပြောပါတယ်။

September 13, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ IP Starနဲ့ Star Link တပ်ဆင်ထားတဲ့ ဆိုင်တစ်ချို့နဲ့ ဟိုတယ်တွေမှာ...
September 12, 2024
ပန်ဝါဒေသ လဂွေကျေးရွာမှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်...
September 11, 2024
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖြစ်နေတဲ့တိုက်ပွဲအတွင်း  အရပ်သားပြည်သူတစ်ချို့...