ကျောက်ဖြူ သံဇစ်မြစ် တူးဖော်မှုမစသေးသလို တရုတ်ရေနံတင်သင်္ဘောများလည်း ပုံမှန်ဝင်ထွက်နေ

ကျောက်ဖြူ သံဇစ်မြစ် တူးဖော်မှုမစသေးသလို တရုတ်ရေနံတင်သင်္ဘောများလည်း ပုံမှန်ဝင်ထွက်နေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သံဇစ်မြစ်ကြောင်းတူးရန်အတွက် ဒေသခံများကို ရေကြောင်းသွားလာခွင့်နှင့် ငါးဖမ်းခွင့်ပိတ်ထားသော်လည်း လက်ရှိအချိန်ထိ မြစ်ကြောင်းတူးဖော်ရေးမစတင်သေးသလို တရုတ်ရေနံတင်သင်္ဘောများမှာလည်း မဒေးကျွန်းသို့ ပုံမှန်အဝင်အထွက်မပျက် သွားလာနေကြောင်း ဒေသခံရေလုပ်သားများက ပြောသည်။

မဒေးကျွန်းမှ ရေနံများကိုသယ်ယူမည့် ရေနံတင် သင်္ဘောကြီးများ အလွယ်တကူဝင်ထွက်သွားလာနိုင်ရန်ဟုဆိုကာ သံဇစ်မြစ်ရေလမ်းကြောင်းတူးဖော်ရေးစီမံကိန်းကို ဇူလိုင်လ ၁၅ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ဇူလိုင်လအစောပိုင်းက ကြေညာခဲ့သည်။

ဆောင်ရွက်နေချိန်အတွင်း ဒေသခံများအနေဖြင့် သံဇစ်မြစ်အတွင်းသွားလာခြင်းနှင့် ငါးဖမ်းခြင်းများမပြုလုပ်ရန်လည်း တားမြစ်ပိတ်ပင်ထားသည်။

သို့သော် စစ်ကောင်စီက အဆိုပါကြေညာချက်ထုတ်ပြီးနောက် တစ်လနီးပါးအကြာ ယခု ဩဂုတ်လ ၇ ရက်အထိ မြစ်တူးဖော်ရေးမစတင်သေးသလို တရုတ်ရေနံတင် သင်္ဘောများမှာ ပုံမှန်ဝင်ထွက်သွားလာနေဆဲဖြစ်ကြောင်း မဒေးကျွန်းက ဒေသခံရေလုပ်သားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"အခုအချိန်ထိတော့ မြစ်တူးတာတွေဘာတွေတစ်ခုမှမစသေးပါဘူး။ ရေနံတင်သင်္ဘောတွေကတော့ ပုံမှန်ဝင်ထွက်သွားလာနေတယ်။ အခုတောင် တစ်စီးရောက်ပြီး ရေနံတင်နေကြတယ်" ဟု ပြောသည်။

ဩဂုတ်လ  ၅ ရက်၊ ညနေ ၃ နာရီကလည်း မဒေးကျွန်းသို့ ရေနံတင်သင်္ဘောကြီးတစ်စင်းဆိုက်ကပ်ပြီး အဆိုပါသင်္ဘောမှာ ရေနံတင်၍ ယခုရက်ပိုင်းအတွင်း ထွက်ခွာရန်ပြင်ဆင်နေ ကြောင်း အဆိုပါမဒေးကျွန်းဒေသခံက ပြောသည်။

"အခုတောင် မဒေးကျွန်းဆိပ်ကမ်းမှာ ရေနံတင် သင်္ဘောတစ်စီးကပ်နေတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဝင်လာတာ။ ရေနံတွေတင်ပြီး မနက်ဖြန်/သန်ဘက်ဆိုရင် ပြန်ထွက်မယ့်ပုံရတယ်" ဟု သူကဆက်ပြောသည်။

ရေနံတင်သင်္ဘောများဝင်ထွက်မှုကြောင့် မြစ်ကြောင်း ပျက်စီးနေသည့် သံဇစ်မြစ်ကို ယခင်ကလည်းတူးဖော်ပြီးသားဖြစ်သလို ယခုထပ်မံတူးဖော်မှုကြောင့် မြစ်အတွင်းကျန်ရှိနေသည့် သားငါးမျိုးစိပ်များနှင့် ရေနေသယံဇာတများအားလုံး ထပ်မံပျက်စီးရုံသာရှိကြောင်း ကျောက်ဖြူမြို့နယ်မှ ဦးထွန်းကြည်က ပြောသည်။

"ဒီမြစ်က အရင်ကလည်းတူးဖော်ပြီးသားဖြစ်တယ်။မြစ်ကြောင်းတစ်ခုကိုတူးလိုက်တဲ့အခါ မြစ်ကြောင်းထဲမှာရှိတဲ့ သန္တာကျောက်တန်းတွေပျက်စီးမယ်။ ငါးမျိုးစိပ်တွေအများကြီး ထပ်ပြီးတော့ ပျက်စီးသွားနိုင်တယ်။ နဂိုကလည်းတူးပြီးသားဆိုတော့ ပျက်စီးနေပြီးသားဖြစ်တယ်။ သို့သော်လည်း ထပ်တူးမယ်ဆိုရင်တော့ နဂိုထက်ပိုပြီး ပျက်စီးသွားနိုင်ခြေရှိတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလအတွင်းကပင် သံဇစ်မြစ်ကြောင်းတစ်လျှောက် ဒေသခံများဖြတ်သန်းသွားလာခွင့်နှင့် ငါးဖမ်းခွင့်များကို စစ်ကောင်စီက တားမြစ်ပိတ်ပင်ထား၍ အဆိုပါမြစ်ကိုမှီခိုအသက်မွေးသည့် ဒေသခံရေလုပ်သားများမှာ စားဝတ်နေရေးအပါအဝင် ကျန်းမာရေးကိစ္စရပ်များ အဘက်ဘက်မှဆုတ်ယုတ်လာပြီး အထူးအခက်ခဲကြုံနေကြရသည်။

မဒေးကျွန်းရေလုပ်သားတစ်ဦးက "ကျွန်တော်တို့ မဒေးကျွန်းလူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ ရေလုပ်ငန်းနဲ့အသက်မွေးနေကြရတာပါ။ အဲဒီတော့မြစ်ကိုထွက်ခွင့်ပိတ်ပင်ထားတော့ ကျွန်တော်တို့ဟာ စားဝတ်နေရေးအခက်အခဲတွေ၊ အများကြီး အများကြီးရှိနေတယ်။ တခြားကျန်းမာရေးကိစ္စအခက်အခဲတွေလည်း အများကြီးရှိနေပါတယ်။ အခုလို စစ်တပ်က လက်နက်အာဏာအားကိုးနဲ့ မတရားလုပ်ထားတော့ အတော်လေးဒုက္ခရောက်နေကြရပြီ" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ယင်းအပြင် စစ်ကောင်စီနေဗီများက သံဇစ်မြစ်ကြောင်းတွင် စောင့်ကြပ်နေပြီး ဖြတ်သန်းသွားလာသည့်ဒေသခံစက်လှေများကို လိုက်လံပစ်ခတ်မှုများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ဖြူမြို့နှင့် ၁၀ မိုင်ခန့်အကွာ တရုတ်ရေနံပိုက်လိုင်းအစပြုရာ မဒေးကျွန်းတွင် ပရိမ်၊ ကျောက်တန်း၊ ရွာမ၊ ကျောက်မော်ကြီးစသည့် ကျေးရွာလေးရွာခန့်ရှိရာ လူဦးရေ၏သုံးပုံနှစ်ပုံခန့်မှာ ရေလုပ်ငန်းဖြင့်အသက်မွေးကြသူများဖြစ်ကြောင်း သိရသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိရာ ကျောက်ဖြူမြို့ကိုလည်း အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်ရန်ကြေညာထားပြီး မြို့နယ်ကျေးလက်ဒေသအများစုကို ထိန်းချုပ်ကာ စစ်ကောင်စီတပ်များကိုပိတ်ဆို့ဝိုင်းရံထားလျက်ရှိနေသည်။

Most read this week

September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...
September 19, 2024
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော...