ရမခကို ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်၊ လားရှိုး မြို့အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

ရမခကို ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်၊ လားရှိုး မြို့အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့ MNDAA က  သိမ်းပိုက်ထားပြီဟု ဆိုသော်လည်း လက်ကျန် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း အရပ်သား သေဆုံးမှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် သေဆုံးသူများ၏ ရုပ်အလောင်းများကို ကောက်၍ မရသေး ဟု လားရှိုးဒေသခံများက ပြောသည်။

လားရှိုးဒေသခံတစ်ဦးက “အခုတော့ မြို့ထဲကို ရှော့တိုက်ဒုံးတွေတော့ တောက်လျှောက်ကျနေတယ်။ အဲ့ရပ်ကွက် ၁၂ ဘက်တွေမှာလေ ရှော့တိုက်ဒုံးတွေက တောက်လျှောက် ကျနေတယ်။ တချို့ ရှော့တိုက်ဒုံးထိလို့လေ ၃ ယောက် ထက်မနည်းတော့ လမ်းပေါ်မှာပေါ့  ထိထားတဲ့ ဟာတွေရှိတယ်တဲ့ သူတို့ဘာမှ မလုပ်ရဲဘူးပေါ့ မလုပ် နိုင်ဘူးပေါ့လေ ဘာလို့ဆို အဲ့မှာက ဟိုဟာဖြစ်နေတော့ ကယ်မဲ့လူ ကူမဲ့လူတွေကလည်း မလုပ်နိုင်ဘူး ဆေးရုံ ဆေးခန်းပို့ဖို့လည်း မနိုင်ဘူးပေါ့” ဟု ပြောသည်။

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ကို ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းက သိမ်းပိုက်ထားပြီ ဟု MNDAA က ထုတ်ပြန်ထားသည်။

သို့ရာတွင် လားရှိုးမြို့ရှိ ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ ရပ်ကွက် ၉ နှင့် ရပ်ကွက် ၁၂ တို့ဘက်တွင် တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေသည်ဟု လားရှိုး ဒေသခံများက ဆိုသည်။

ထို့အပြင် ဇူလိုင်လ ၂၅ ရက်နေ့၊ ညနေပိုင်းအချိန်ထိလည်း လားရှိုးမြို့ပေါ် ရှိ ရပ်ကွက်များပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုများရှိသည်ဟု လားရှိုးဒေသခံက ပြောသည်။

MNDAA အနေဖြင့် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အတွင်းသို့ ဝင်ရောက်သိမ်းပိုက် ထားသည် ဆိုသည်မှာ ဟုတ်မှန်သော်လည်း မြို့တစ်ခုလုံး အတိုင်းတာ အနေဖြင့် အပြည့်စုံ ထိန်းချုပ်ထားနိုင် သည့် အနေအထားမျိုး မဟုတ်သေးဘဲ မြို့၏ ၇၀ ရာခိုင်နှုန်းခန့်ထိ နေရာဝင်ယူထားနိုင်ခြင်းမျိုးသာ ဖြစ်သည်ဟု အဆိုပါ လားရှိုးဒေသခံက ဆိုသည်။

လားရှိုးဒေသခံ အမျိုးသားတစ်ဦးက “မနက်က ကိုးကန့်ကတော့ သူတို့ကတော့ ထုတ်ပြန်တာပေါ့နော် ဒါပေမဲ့ လည်း အဲ့တိုင်းစစ်ဌာနချုပ် နားမှာက တပ်တွေ အများကြီး ကျန်သေးတယ်‌လေ။ အဲ့မှာ ၆၁၊ ၆၂၆ တို့ ထောက်ပို့ တပ်လိုမျိုး ဆက်သွယ်ရေးတပ်တွေ ထောက်ပို့တပ်တွေ အများကြီး အများကြီး ကျန်သေးတယ်ပေါ့နော်။ သူတို့ အားအနည်းဆုံးလို့ ယူဆတဲ့ တိုင်းစစ်ဌာနချုပ်ကို အရင်ဆုံးဝင်သွားတဲ့ သဘောမျိုးဖြစ်တယ်။ တပ်တွေက အပြင်မှာတော့ ဆက်ဖြစ်နေဆဲ ရှိနေဆဲပဲ ဖြစ်နေဆဲပဲ” ဟု ပြောသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းအထိ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှု ရှိနေပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရန် ခက်ခဲနေသည်ဟု ဒေသခံများက ဆိုသည်။

ဇူလိုင်လဆန်းမှ စတင်ဖြစ်ပွားခဲ့သည့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတပ်တို့ အကြားက တိုက်ပွဲများ ကြောင့် လားရှိုးမြို့က ဒေသခံများသည် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့မှာ အကြောင်း အမျိုးမျိုးကြောင့် မြို့ထဲတွင် ဆက်လက် နေထိုင်နေကြသည်။

Most read this week

September 5, 2024
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် ပါရာစီတမော ၁၀ လုံးပါ တစ်ကတ်အား ၅,၀၀၀ ကျပ် အထိ...
September 4, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ၆ ဦးအား...
September 4, 2024
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင် စစ်မှုထမ်းအတွက် လူငယ်အယောက် ၅၀ ရရှိရေး စစ်ကောင်စီ လက်အောက်ခံ...
September 3, 2024
မန္တလေးတိုင်းထဲက မြို့နယ်အချို့တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် ...