ဗန်းမော်မြို့ အနောက်ဘက်မြစ်ကမ်းနံဘေးမှာရှိတဲ့ ရွာပေါင်း ၅ ရွာက ပြည်သူတွေအစားသောက် နဲ့ သောက်သုံးရေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီး မြို့ပေါ်ရပ်ကွက်တစ်ချို့ရေဝင်ရောက်နေပြီဖြစ်သလို မြစ်ကမ်းနံဘေးကျေးရွာတွေမှာလည်း ရေတွေဝင်ရောက်နေပြီဖြစ်ပါတယ်။
ဒါကြောင့်လက်ရှိ ဧရာဝတီမြစ်ကမ်းနံဘေးရွာက ရွာပေါင်း ၅ ရွာပြည်သူတွေ ရေဘေးအန္တရာယ်ကြုံနေရပြီး အစားသောက်နဲ့သောက်သုံးရေလိုအပ်နေတယ်လို့ ကောင်းစင့်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။
“ရေတက်ပြီဆို မြစ်ကမ်းတစ်လျှောက်ရွာတွေပိုဆိုးတာပေါ့ ရေတွေက ညနေပိုင်းလောက်ဆို တစ်ရွာလုံးမြုပ်နိုင်တယ်။ ဒီဘက်ကအိမ်တိုင်းလိုတော့လှေရှိတယ် လှေမရှိတဲ့အိမ်တွေလည်းရှိတယ် ခုလောလောဆယ်ကသောက်ရေနဲ့အစားသောက်တွေလိုနေတယ်”လို့ပြောပါတယ်။
ရေဘေးအန္တရာယ်ကြုံတွေ့ပြီး သောက်သုံးရေနဲ့အစားသောက်လိုအပ်နေတဲ့ရွာတွေဟာ ကောင်းစင့်၊ရေလှဲ၊မံမလင်း၊ပါပေါင်း၊လက်ပံတန်း (ရွာဟောင်း) စတဲ့ရွာဖြစ်တယ်လို့သိရပြီး ရွာထဲမှာရေဝင်ရောက်မှုဟာ မြင့်တက်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဇွန်လ ၂၉ ရက်နေ့ကစပြီး ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊ချီဖွေ၊ဆော့လော်၊ပန်ဝါ၊ကမ်းဖန့်စတဲ့ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်နဲ့မလိခမြစ်ရေကြီးရေလျှံတာကြောင့် ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့တွေမှာ ၃ ရက်ခန့်ရေကြီးရေလျှံခဲ့ပြီး စိုးရိမ်ရေအမှတ်ထက် ၆ ပေကျော်မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဇူလိုင်လ၂ ရက်နေ့ကစလို့ မြစ်ကြီးနားမှာ ရေကျဆင်းသွားပြီဖြစ်ပေမယ့် မြစ်ကြီးနားမြို့ရဲ့အောက်ဘက်မှာရှိတဲ့ မြို့တွေမှာတော့ မြစ်ရေဆက်မြင့်တက်နေပြီး ဗန်းမော်မြို့ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီဖြစ်ပါတယ်။
သို့သော် ဗန်းမော်မြို့တွင်းပြည်သူတွေဟာ ရေမဝင်ရောက်လာခင်ကတည်းကနေ ကြိုတင်ရွှေ့ပြောင်းတာ၊ကြိုတင်ပြင်ဆင်ထားပြီး ရေဘေးရှောင်အတွက် စခန်း ၄ နေရာပြင်ဆင်ထားပြီး တစ်ချို့ပြောင်းရွှေ့ထားပြီဖြစ်တာကြောင့် အခက်ခဲမရှိအဆင်ပြေနေကြပြီလို့ သိရပါတယ်။
မြို့တွင်း ပြည်သူတွေအတွက် အဆင်ပြေနေပြီဖြစ်ပေမယ့် ဗန်းမော်မြို့ရဲ့အနောက်ဘက် မြစ်ကမ်းနံဘေးမှာရှိတဲ့ရွာတွေမှာတော့ အကူညီတွေမရရှိသေးဘူးလို့ သိရပါတယ်။
“ရေကတစ်ဖြည်းဖြည်းပိုကြီးလာပြီ ဒီတိုင်းသာဆက်တက်လာမယ်ဆိုရင် နာရီပိုင်းအတွင်း မလွယ်ဘူး။ ဒါကြောင့် ကျနော်တို့ဘက်ကိုလည်း လာကူညီပေးဖို့တောင်းဆိုချင်ပါတယ်”လို့ နောက်ထပ် ရေလဲရွာသားတစ်ဦးက ပြောပါတယ်။
လက်ရှိ ရွာပေါင်း ၅ ရွာက ဒေသခံတွေပြောတာကတော့ ညနေပိုင်း ၃ နာရီဝန်းကျင်ထိ နေအိမ်တစ်ချို့ခေါင်မိုးမြုပ်ခါနီးရောက်နေပြီး ရေဆက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။