မတူပီမြို့တွင် ချင်းအချင်းချင်းကြား အချိန်မရွေးစစ်ရေးတင်းမာမှုဖြစ်နိုင်၍ မြို့ပေါ်နှင့် မြို့အနီးက ပြည်သူများ ပြန်မလာကြရန် မတူပီ တပ်မဟာ - ၁ ထုတ်ပြန်

မတူပီမြို့တွင် ချင်းအချင်းချင်းကြား အချိန်မရွေးစစ်ရေးတင်းမာမှုဖြစ်နိုင်၍ မြို့ပေါ်နှင့် မြို့အနီးက ပြည်သူများ ပြန်မလာကြရန် မတူပီ တပ်မဟာ - ၁ ထုတ်ပြန်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှု အချိန်မရွေး ဖြစ်နိုင်သောကြောင့် မြို့တွင်းနှင့် မြို့အနီးကျေးရွာများကို ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်းခြင်း မပြုလုပ်ကြရန် CDF - မတူပီ၊ တပ်မဟာ - ၁ က သတင်းထုတ်ပြန်သည်။

မတူပီမြို့ စစ်ကောင်စီ၏ စစ်စခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်း ရေးများ လုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း ချင်းအချင်းအချင်း စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ ပြန်မလာကြသေးရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း CDF - မတူပီ၊ တပ်မဟာ - ၁ မှ ပြောရေးဆိုခွင့်ရှိသူ ကို Boi Uk က ပြောသည်။

“ CNA (ချင်းအမျိုးသားတပ်မတော်) ဖက်က သူတို့ Victoria Camp ကို ပြန်မသွားသေးဘဲ မတူပီထဲကို နေရာချထား နေတုန်း မို့လို့ပါ။ သူတို့အပြောအဆို၊ ထုတ်ပြန်ချက်တွေအရ သူတို့ဖက်က ပြန်လာတိုက်တာမျိုး ရှိလာနိုင်ပါတယ်။ ကျနော်တို့ဖက်ကတော့ မြို့တွင်း မြို့ပြင် လုံခြုံရေအရ တပ်ဖြန့်ထားပါတယ်” ဟု ကို Boi Uk က ပြောသည်။

မတူပီမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များက ရက်ပေါင်း ၂၀ ကြာထိုးစစ်ဆင်ပြီးနောက် အမှတ် - ၃၀၄ ခြေမြန်တပ်ရင်း၊ အမှတ် - ၁၄၀ ခြေလျင်တပ်ရင်း နှင့် ချင်းပြည်တောင်ပိုင်းကအကြီးဆုံးစစ်ဗျူဟာကုန်းတို့ကို ဇွန်လ ၂၉ ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ကြသည်။  

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အပါအဝင် CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်များနှင့် စစ်ရေးတင်း မာမှုများ အချိန်မရွေး ရှိလာနိုင်သဖြင့် မြို့တွင်းနှင့် မြို့အနီးအနားရှိ ကျေးရွာများကို ပြန်လည် အခြေချရေးနှင့်ပတ်သက်၍ တစုံတရာမထုတ်ပြန်ခင်အထိ ဝင်ရောက်ခြင်း မပြုကြရန် မြို့သိမ်းပြီး နောက် ၁ ရက်ဖြစ်သည့် ဇွန်လ ၃၀ ရက်က CDF - မတူပီ၊ တပ်မဟာ - ၁ က ထုတ်ပြန်ခဲ့သည်။

မတူပီမြို့သိမ်း စစ်ဆင်ရေးကာလအတွင်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲများနှင့် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့ကြား ဇွန်လ ၁၈ ရက်က ဖနိုင်ရွာမြောက်ဘက်တွင် ထိတွေ့တိုက်ပွဲများ အပြင်းအထန် စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရလက်အောက်ရှိ ချင်းပူးပေါင်းတပ်များက မတူပီမြို့ စစ်ဆင်ရေးကို မဆုတ်ခွာဘဲ တိုက်ပွဲ ဆက်လက်ဖော်ဆောင်နေကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA  ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဇွန်လ ၂၈ ရက် ပြောသည်။

မတူပီမြို့ လုံခြုံရေးနှင့် ပြန်လည် တည်ဆောက်ရေးကိစ္စများကို ဆက်လက် ဖော်ဆောင်မည်ဖြစ်ပြီး အခြား ချင်းဒေသကာ ကွယ်ရေး တပ်ရင်း၊ တပ်ဖွဲ့များကိုလည်း တတ်နိုင်သလောက် ပါဝင်နိုင်ရေးအတွက် အစီအမံများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ - ၁ က ထုတ်ပြန်သည်။

“ ကျနော်တို့က ပါဝင်ပူးပေါင်းချင်တဲ့ CDF အားလုံးကို ဆိုလိုတာပါ။ CDF- Mara၊ Zotung၊ Laut စတဲ့ ဒေသတပ်တွေလည်း ပူးပေါင်းမယ်ဆိုရင် ကြိုဆိုတဲ့ သဘောပါ” ဟု CDF - မတူပီ၊ တပ်မဟာ - ၁ မှ Boi Uk က ပြောသည်။

ပြည်သူများ ဘေးကင်းရေးအတွက် စစ်ကောင်စီ၏ မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မတူပီမြို့ လုံခြုံရေး၊ ပြန်လည်တည်ဆောက်ရေး၊ ဒဏ်ရာရ ရဲဘော်များ ကုသစောင့်ရှောက်ရေးနှင့် အခြားသော နောက်ဆက်တွဲ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် အားမလျော့ဘဲ ဆက်လက် ပူးပေါင်း ကူညီထောက်ပံ့ကြရန် တပ်မဟာ - က အသိပေးနှိုးဆော်ထားသည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာရက္ခတပ်တော် (AA/ ULA) ၊ Yaw Army နှင့် Yaw Defense Force (YDF) တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။

Most read this week

July 3, 2024
ချင်းတော်လှန်ရေးကာလတွင် အဆင့်မြင့်ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများသည်...
July 3, 2024
မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၀) ပန်းသွယ်ကျေးရွာတွင် ဝမ်းရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေပြီး...
June 27, 2024
ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်းစစ်ဆင်ရေးတွင် ဒဏ်ရာရှိထားသော စစ်ကောင်စီ၏ ရဲဘော် (၃) ဦးကို...