သိုင်ငဲင်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ ချင်းပူးပေါင်းတပ်က မောင်းထုတ်၊ သိုင်ငဲင်းကို ချင်းပူးပေါင်းတပ်က ပြန်လည်ထိန်းချုပ်ပြီ

သိုင်ငဲင်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ ချင်းပူးပေါင်းတပ်က မောင်းထုတ်၊ သိုင်ငဲင်းကို ချင်းပူးပေါင်းတပ်က ပြန်လည်ထိန်းချုပ်ပြီ

ချင်းပြည်နယ် မြောက်ပိုင်း ကလေး-တီးတိန် လမ်းမပေါ်ရှိ သိုင်ငဲင်းရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့များကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကို ပြန်လည်တိုက်ထုတ်လိုက်ပြီးနောက် သိုင်ငဲင်းကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ပြီဟု သိရသည်။

သိုင်ငဲင်းကျေးရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့များကို ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနလက်အောက် ချင်းပူးပေါင်းတပ်ဖွဲ့များက Drone နှင့် ဆက်တိုက် ဖိအားပေးတိုက်ခိုက်မှုကြောင့် ယမန်နေ့ ဇွန်လ၂၆ ရက်နေ့ညပိုင်းတွင် ခိုင်ကမ်းမြို့ဘက်သို့ ထွက်ပြေးသွားကြသည်ဟု CDF CDM-SIYIN က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လမ်းမကြီးအတိုင်းမသွားရဲဘဲ လမ်းမဟုတ်သော တောလမ်းကိုအသုံးပြုကာ ထွက်ပြေးခဲ့ကြ ရပြီး ယနေ့ ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ချင်း-စစ်ကိုင်းအစပ် ခိုင်ကမ်းမြို့ ရဲစခန်းသို့ ရောက်ရှိသွားပြီ ဟု CDF CDM-SIYIN မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကျွန်တော်တို့ နေ့ရောညပါ ဒရုန်းရော၊ စနိုက်ပါနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာဆိုတော့ သူတို့မခံနိုင်တဲ့အဆုံး ထွက်ပြေးတာပေါ့၊ မနေ့က ကလေးမြို့ဘက်ထွက်ပြေးတာ ဒီမနက် ၈ နာရီလောက်မှာ ခိုင်ကမ်းကို ရောက်ကြပြီလို့ ကြားသိရတယ်” ဟု ပြော ရေးဆိုခွင့်ရှိသူက ပြောသည်။

ဇွန်လ ၁၆ ရက်နေ့ တွင် ကလေးမြို့ဘက်မှ ကားသုံးစီးဖြင့် တက်လာခဲ့သော စစ်ကောင်စီတပ်ဖွဲ့များနှင့် ဇွန်လ ၁၈ ရက်နေ့ တွင် တီးတိန်မြို့မှ ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့များအင်အား ၁၀၀ ကျော်သည် ဇွန်လ ၂၁ ရက်နေ့တွင် စီးယင်းဒေသ သိုင်ငဲင်း‌ရွာသို့ရောက်ရှိလာခဲ့သောကြောင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်တိုက်ပွဲအတွင်း ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ချင်းအမျိုးသားတပ်မတော် CNA အပါအဝင် CDF Hualngoram, Vakok, KKG, Kalay SR 4 နှင့် PDA တို့မှ အင်အားဖြည့်ကာ အိမ်ရှင် CDF CDM SIYIN နှင့်အတူ သိုင်ငဲင်းရောက် စကစများကို အနားမပေးပဲ နေ့မနားညမအိပ်ပဲ ဆက်တိုက် ဖိအားပေးတိုက်ခိုက်ခဲ့ကြသည်ဟု CDF CDM Siyin က ဆိုသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက် အထိနာပြီး ဇွန်လ ၂၃ ရက်နေ့တွင် သိုင်ငဲင်းရွာရှိ ဘုရားကျောင်း၊ စာသင်ကျောင်း အပါအဝင် ပြည်သူ့နေအိမ် ၂၃ လုံး ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခဲ့သော အိမ်များနှင့် အိမ်ပိုင်ရှင်များကိုလည်းအသေးစိတ် စုံစမ်းစာရင်းကောက်ခံပြီး အကောင်းဆုံး ပြန်လည်ကူညီထောက်ပံ့နိုင်ရန် တာဝန်ယူသွားမည်ဟုလည်း CDF CDM-SIYIN က ယနေ့တွင် ထုတ်ပြန်သည်။

သိုင်ငဲင်းကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း ကလေး-သိုင်ငဲင်းလမ်းမကြီးကိုမူ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခွင့်မပြုသေးကြောင်းသိရသည်။

သိုင်ငဲင်းကျေးရွာသည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ကို ဆက်သွယ်သည့် လမ်းကြောင်းပေါ် တွင်တည်ရှိသည့် စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသောနေရာဖြစ်သည်။

ယခုနှစ်ဇန်နဝါရီလ ၁၆ ရက်နေ့က သိုင်ငဲင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းလဲန်ကောင်စီအဖွဲ့ဝင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Most read this week

June 27, 2024
ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်းစစ်ဆင်ရေးတွင် ဒဏ်ရာရှိထားသော စစ်ကောင်စီ၏ ရဲဘော် (၃) ဦးကို...
June 26, 2024
ချင်းညီနောင်အနေဖြင့် နဂိုမူလ စစ်ဆင်ရေးရည်မှန်းချက်အတိုင်း မတူပီမြို့သိမ်းတိုက်ပွဲကို...
June 25, 2024
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်၊ ကလေး - တီးတိန်ကားလမ်းမပေါ်ရှိ သိုင်ငဲင်းကျေးရွာကို...
June 22, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာ (၉) ရွာမှာ ဝမ်းရောဂါဖြစ်ပွားမှုများ...