စစ်သုံ့ပန်းများကို သတ်ဖြတ်ခဲ့သော ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များကို အရေးယူမည်ဟု ချင်းလဲန်းကောင်စီထုတ်ပြန်

စစ်သုံ့ပန်းများကို သတ်ဖြတ်ခဲ့သော ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များကို အရေးယူမည်ဟု ချင်းလဲန်းကောင်စီထုတ်ပြန်

ချင်းပြည်နယ်၊ တွန်းဇံမြို့သိမ်းစစ်ဆင်ရေးတွင် ဒဏ်ရာရှိထားသော စစ်ကောင်စီ၏ ရဲဘော် (၃) ဦးကို သတ်ဖြတ်မှု ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။

ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ချင်းပူးပေါင်းတပ်ဖွဲ့များသည် မေလ ၁၅ ရက်က တွန်းဇံမြို့နယ်မှ စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ခဲ့ရာ ၁၀ ရက်အကြာ မေလ ၂၃ ရက်တွင် တစ်မြို့နယ်လုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစစ်ဆင်ရေးကာလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။

“အဲဒီမှာ ဖြစ်ပွားတဲ့ ရဲဘော်တွေက ကျနော်တို့ ချင်းလဲန်းကောင်စီမှာပါတဲ့ အဖွဲ့အစည်းအသီးသီးက ပေါင်းထားတဲ့ ရဲဘော်တွေဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို အသီးသီး စိစစ်ပြီးတော့မှ၊ စုံစမ်းစစ်ဆေးရေးလုပ်ပြီးတော့မှ အရေးယူဖို့ အခု ဆောင်ရွက်နေပါတယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။

ချင်းလဲန်းကောင်စီ၏ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဂျီနီဗာကွန်ဗန်ရှင်းပါ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များကို လေးစားလိုက်နာသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်ကြောင်း ယနေ့ ဇွန်လ ၂၇ ရက်မှာ ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်ထားသည်။

စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များကို အထူးသိရှိလိုက်နာရန်လည်း တပ်ရင်းတပ်ဖွဲ့ အသီးသီးသို့ ညွှန်ကြားသင်ကြားထားပြီးဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းများက ရှေးတန်းတွင် တိုက်ပွဲဝင်နေသော တော်လှန်ရေးတပ်ဖွဲ့များမှ စစ်သုံ့ပန်းများအပေါ် ကျူးလွန်ထားသည့် ရုပ်သံဖိုင်များ လူမှုကွန်ယက်တွင် ပျံ့နှံ့လာခဲ့သည်။

လူမှုကွန်ယက်တွင် ပျံနှံ့လာသော ရုပ်သံဖိုင်တွင် တွန်းဇံမြို့သိမ်းစစ်ဆင်ရေးမှာ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင် ၅ ဦးဝန်းကျင်သည် အဆောက်အဦးတစ်ခုထဲတွင် ဒဏ်ရာများရရှိလျက် လဲလျောင်းနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးကို ရှာဖွေတွေ့ ရှိသည်ကို မြင်တွေ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ကို စစ်ဆေးမေးမြန်းလျက်ရှိရာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးသည် အထက်အရာရှိကို သတင်းပေးပို့ခဲ့ပြီး အထက်အရာရှိ၏ အမိန့် ညွှန်ကြားချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးကို သတ်ဖြတ်ခဲ့သည်ကို ရုပ်သံဖိုင်တွင် မြင်တွေ့ရသည်။

တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဇိုမီတော်လှန်ရေးတပ် (ZRA – EC) တပ်ဖွဲ့ဝင်စုစုပေါင်း ၄၀ နီးပါး ဖမ်းဆီးရမိပြီး လက်နက် ၁၀၀ ကျော်နှင့် ကျပ်သိန်းပေါင်း ၅၀၀၀ ခန့်ကို ချင်းတပ်ပေါင်းစုက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Most read this week

June 26, 2024
ချင်းညီနောင်အနေဖြင့် နဂိုမူလ စစ်ဆင်ရေးရည်မှန်းချက်အတိုင်း မတူပီမြို့သိမ်းတိုက်ပွဲကို...
June 25, 2024
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်၊ ကလေး - တီးတိန်ကားလမ်းမပေါ်ရှိ သိုင်ငဲင်းကျေးရွာကို...
June 22, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာ (၉) ရွာမှာ ဝမ်းရောဂါဖြစ်ပွားမှုများ...