မင်းတပ်မြို့နယ်တွင် ဝမ်းရောဂါကူးစက်မှုဆက်လက်ဖြစ်ပွားနေ

မင်းတပ်မြို့နယ်တွင် ဝမ်းရောဂါကူးစက်မှုဆက်လက်ဖြစ်ပွားနေ

မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၀) ပန်းသွယ်ကျေးရွာတွင် ဝမ်းရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေပြီး တစ်ပတ်အတွင်း ဒေသခံ ၂၀ ကျော် ကူးစက်မှုဖြစ်ပွားနေသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်များကူညီရေးအဖွဲ့ ကျန်းမာရေးတာဝန်ခံ ဆရာဝန်က ပြောသည်။

“ တစ်ပတ်အတွင်းမှာ အယောက်နှစ်ဆယ်ကျော်ဖြစ်နေပါတယ်။ သွေးပေါင်တအားထိုးကျတဲ့လူနာတွေရှိတယ်၊ဒါပေမယ့် ဓာတ်ဆားရည်တွေ၊ပုလင်းကြီးတွေ၊ဆေးတွေ အချိန်မှီ ရလိုက်တဲ့အတွက်ကြောင့်မို့ မဟုတ်ရင် သေဆုံးတဲ့အထိဖြစ်နိုင် တယ်၊ အနီးအနားမှာရှိတဲ့ ဆရာဝန်၊ဆရာမတွေ က ကုသပေးနေတယ်” ဟု မင်းတပ်မြို့နယ် ကျန်းမာရေးတာဝန်ခံ ဆရာဝန်က ပြောသည်။

ပန်းသွယ်ကျေးရွာတွင် ဝမ်းရောဂါဖြစ်ပွားသူအများစုမှာ အသက် ၁၀ နှစ်အောက်ကလေးငယ်များနှင့် အသက် (၆၀) ကျော်အရွယ် သက်ကြီးပိုင်းများဖြစ်ကြပြီး လတ်တလောတွင် အချိန်မှီ ဆေးကုသမူခံယူ နေကြသော ကြောင့် အသက်သေဆုံးသည်အထိ မရှိကြောင်းသိရသည်။

မင်းတပ်မြို့နယ်၊အောက်ချိုင်ကျေးရွာတွင် ပြီးခဲ့သည့်ဇွန်လအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သက်ကြီးပိုင်း ၂ ဦး အသက်ဆုံးရှုံးရသည့်အပြင် အများအပြား ကူးစက်မူခံရသောကြောင့် ယင်းကျေးရွာအား လော့ဒေါင်းချထားရသည့်အဆင့်ထိဖြစ်ခဲ့သည်။ ယခုအခါ အောက်ချိုင်ရွာက ဝမ်းရောဂါဖြစ်ပွားမှုမှာ ထိန်းချုပ်နိုင်သည့် အနေအထားရှိပြီဖြစ်သော်လည်း ကျေးရွာအား လော့ဒေါင်းချထားဆဲဖြစ်ကြောင်း သိရသည်။

“ဝမ်းရောဂါက အကြိမ်ရေများ သွားရင် လူရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရေဓာတ်ဆုံးရှုံးတယ်၊သွေးပေါင်ကျ တယ်၊ ဝမ်းနဲ့အတူ ခန္ဓာကိုယ်မှာ မရှိမဖြစ်လို အပ်တဲ့ ဓာတ်ဆားတွေပါသွားတဲ့အတွက်ကြောင့်မို့ အနေအထိုင်မကောင်း တာ၊ဒါကြောင့်မို့ ရေဓာတ်ထပ်ဖြည့်ရတာ ပါးစပ်နဲ့သောက်နိုင်ရင် ဓာတ်ဆားတွေပေးတယ်၊ မသောက်နိုင်ရင် ပုလင်းကြီး ချိတ်ရပါတယ်၊ ရေဓာတ်ပြန် ဖြည့်တင်း နိုင်တယ်ဆိုရင် အန္တရာယ်ဖြစ်တဲ့အနေအထားကနေ ကျော်လွားနိုင်ပါတယ်” ဟုမင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှကျန်းမာရေးတာဝန်ခံ ဆရာဝန်ကပြောသည်။

မင်းတပ်မြို့နယ်တွင် ကျန်းမာရေးကုသပေးနိုင်ရန် လိုအပ်သောဆေးဝါးများသယ်ဆောင်ခွင့်ကို စစ်ကောင်စီက တားဆီး ပိတ်ပင်ထားဆဲဖြစ်သောကြောင့် ဆေးဝါးများ အကူအညီလိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။

ချင်းကျန်းမာရေးအဖွဲ့ (CHO) ကလည်း မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် ဝမ်းကိုက်ရောဂါမှာ ကပ်အသွင် ဖြစ်ပွားနေသောကြောင့် သေဆုံးသူ ၁၄ ဦးခန့်အထိ ကနဦးသိရကြောင်း ဇွန်လ ၁၆ ရက်က ထုတ်ပြန်ထားသည်။

ဝမ်းရောဂါလက္ခာဏာများမှာ ပြင်းထန်စွာ ဝမ်းလျှောခြင်း၊ အန်ခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခမ်းသလို ခံစားရခြင်းတို့ကြောင့် ရေကို ကျိုချက်ကာ သောက်သုံးရန်ဖြစ်ပြီး ဓါတ်ဆားအလွယ်တကူ ဝယ်ယူ မရပါက ရေကျက်အေး တစ်လီတာ၊ သကြားလက်ဖက်ရည်ဇွန်း ၆ ဇွန်နှင့် ဆား လက်ဖက်ရည်ဇွန် တစ်ဝက်တို့ကို ဖျော်ပြီး သောက်သုံးနိုင်ကြောင်း CHO က ထုတ်ပြန်ထားသည်။

July 5, 2024
ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့သိမ်းတိုက်ပွဲတွင် ဓမ္မအမှုတော်ဆောင်အပါအဝင်...
July 4, 2024
ချင်းပြည်နယ်၊ မရာဒေသက မရာချင်းတော်လှန်ရေး ၂ ဖွဲ့တို့သည် ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး...
July 3, 2024
ချင်းတော်လှန်ရေးကာလတွင် အဆင့်မြင့်ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများသည်...
July 2, 2024
ချင်းပြည်နယ်၊ မတူပီမြို့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှု အချိန်မရွေး...