စွက်ဖက်မှုကင်းသော အဆင့်မြင့်ကျောင်းများ ဖွင့်နိုင်ပြီဟု IEC ပြော

စွက်ဖက်မှုကင်းသော အဆင့်မြင့်ကျောင်းများ ဖွင့်နိုင်ပြီဟု IEC ပြော

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း ကရင်နီပြည်တွင် မည်သည့် အာဏာရှင် အဖွဲ့အစည်းမှ ဝင် ရောက်စွက်ဖက်ခွင့် မရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် အဆင့်မြင့် ပညာရေးကျောင်းများ ဖွင့်လှစ် နိုင်ပြီဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ပြောသည်။

ကရင်နီပြည်နယ်ရှိ IEC အုပ်ချုပ်ရေး သက်ရောက်သည့် ဒေသများတွင် အဆင့်မြင့် ပညာရေး ကျောင်း ၅ ကျောင်းကို ဖွင့်လှစ်သင်ကြားနေပြီး ကျောင်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ IEC ပညာရေးဌာန ဒု-ဌာနမှူး ဆရာညီညီဇော်က ယခုကဲ့သို့ ပြောသည်။

၎င်းက “အဆင့်မြင့် တက္ကသိုလ်များဖွင့်လှစ်ပေးရတဲ့ ရည်ရွယ်ချက်တွေက ကျနော်တို့ ပြည်နယ်အနေနဲ့ လိုအပ် နေတဲ့ လူ့စွမ်းအား အရင်းအမြစ် မွေးထုတ်ပေးနိုင်ဖို့၊ CDM ကျောင်းသူ ကျောင်းသားများလည်း ပညာသင် ကြားခွင့် ရရှိဖို့ အဓိကပါပဲ“ ဟု ပြောသည်။

ကရင်နီပြည် အတွင်း အခြေခံပညာ အထက်တန်းကျောင်း ပြီးမြောက် အောင်မြင်သူများ အတွက် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်၊ ကရင်နီ ဆေးကောလိပ်၊ ကရင်နီ သူနာပြု တက္ကသိုလ်၊ ကရင်နီ ပညာရေး ဒီဂရီ ကောလိပ် စသည့် အဆင့်မြင့် ပညာရေးကျောင်း ၅ ကျောင်း ကို ဖွင့်လှစ်ကာ သင်ကြားနေပြီဟု IEC ပညာရေး ဌာန ဒု-ဌာနမှူးက ပြောသည်။

ထို့အပြင် နည်းပညာ တက္ကသိုလ်ကိုလည်း ဖွင့်လှစ်ရန် စီစဉ်နေသည့်အပြင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ ပညာရေးမူဝါဒများကိုလည်း သက်ဆိုင်ရာ အဆင့်မြင့် တက္ကသိုလ်များနှင့် ပူးပေါင်းရေးဆွဲမှုများကို လုပ်ဆောင် နေသည်ဟု IEC ပညာရေးဌာန က ဆိုသည်။

စိန်ခေါ်မှုများနှင့် အခက်အခဲ မျိုးစုံကြားက ကျောင်းကို ဖွင့်လှစ်ခဲ့ရပြီး ကျောင်းဖွင့်လှစ်ရာတွင် အဓိက ကြုံတွေ့ နေရသည့် စိန်ခေါ်မှုများမှာ လုံခြုံရေး၊ ဘက်ဂျက်နှင့် ဆရာ/ဆရာမ လစာ၊ ဆက်သွယ်ရေး ခက်ခဲမှု စသည့်  အခက်အခဲများကို အများဆုံး ကြုံတွေ့ခဲ့ရသည်ဟု IEC ပညာရေးဌာန ဒု-ဌာနမှူး ဆရာ ညီညီဇော်က ပြောသည်။

“အဆင့်မြင့်ကျောင်း အားလုံးက (Autonomy) ရသည့်အတွက် လွပ်လပ်တယ်။ တချို့ ကျောင်းတွေက အခြား အဖွဲ့အစည်းနဲ့ ချိတ်ဆက် ဆောင်ရွက်တာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ကျောင်းတွေ အများစုက ပုဂ္ဂလိက အလှူရှင် နှင့် ကိုယ်ထူ ကိုယ်ထနဲ့ ဖွင့်ထားကြတယ်။ IEC ကလည်း အပြည့်အဝ မထောက်ပံ့ နိုင်သေးဘူးပေါ့လေ” ဟု ပြော သည်။

ဒီးမော့ဆိုမြို့နယ်၊ လွိုင်နန်းဖကျေးရွာမှ ထိုင်း-ကရင်နီ နယ်စပ်ရှိ အဆင့်မြင့် ပညာကျောင်း တစ်ကျောင်းတွင် လာ ရောက်ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦးကလည်း သူမကြုံတွေ့နေရ သည့် စိန်ခေါ်မှုများနှင့် ပတ်သက် ၍ ယခုကဲ့သို့ ပြောသည်။

“အထူးသဖြင့် စားဝတ်နေရေး အပိုင်းမှာပေါ့နော်။ စားဝတ်နေရေး အပိုင်းမှာ အခက်အခဲဖြစ်တယ်။ လမ်းပန်း ဆက်သွယ်ရေးမှာ အခက်အခဲ ရှိတာပေါ့နော်။ စာအုပ်တွေကလည်း ကျမတို့ နှစ်သစ်တွေကို အရင်ပေးတယ်။ စာအုပ်က လုံလုံလောက်လောက်မှ မရှိတာ။ ရှိတဲ့ ဟာလေးနဲ့ပဲ မျှပေးကြတာပေါ့။ ဒီကျောင်းကိုပဲ လုံးဝ တစ်ရာ ရာခိုင်းနှုန်း အားကိုးရင်လည်း မရဘူး။ ကျောင်းမှာလည်း သူ့လိုအပ်ချက်နဲ့ သူရှိပါတယ်။ ကိုယ့်မှာရှိတဲ့ ဟာနဲ့ အတူ ဝိုင်းဝန်းကြိုးစား နေကြပါတယ်” ဟု ပြောသည်။

ကျောင်းသားမိဘများ ဘက်မှလည်း ကျောင်းတက်နေသည့် ကလေးများအတွက် နယ်မြေ လုံခြုံရေးကို  စိုးရိမ် နေကြသည့်အပြင် သွားရေးလာရေး၊ ဆက်သွယ်ရေးနှင့် ကလေးများကို ကျောင်းထားနိုင်ရန်အတွက် ငွေကြေး အခက်အခဲများလည်း ရှိနေသည်ဟု ဆိုသည်။

ယခု ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် IEC ပညာရေးဌာန အနေဖြင့် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မည့် Scholarship Program များအား အမျိုးသား ညီညွတ်ရေး အစိုး ရ NUG  ပညာရေးဝန်ကြီးဌာနနှင့် အတူ အဆင့်မြင့် ပညာရေးကို သင်ကြားနိုင်ရေး  ကျောင်းသူ/သားများ အတွက် ကြိုးစားနေသည်ဟု ဆိုသည်။

IEC က ဖွင့်လှစ်ထားသည့် အဆင့်မြင့်ကျောင်းများတွင် ကျောင်းသူ/သား ဦးရေ အယောက် ၅၀၀ ကျော် ရှိပြီး ဆရာ၊ ဆရာမ အင်အား ၁၀၀ ကျော် ရှိသည်ဟု IEC ပညာရေး ဌာန ဒုဌာနမှူးက ပြောသည်။

စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော် ကာလအတွင်း ကရင်နီပြည်တွင် IEC နှင့် ချိတ်ဆက်ထားသော အခြေခံပညာ ကျောင်း ၄၅၆ ကျောင်း၊ ဆရာ/ဆရာမ ၃၅၄၃ ဦးနှင့် ကျောင်းသူ/သား ၄၆၄၇၅ ဦး ရှိသည်ဟု IEC က ဆိုသည်။

Most read this week

July 3, 2024
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ အိန္ဒိယ-မြန်မာ ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဆလိုင်းအိုက်ဇက်ခင်က...
July 3, 2024
နယ်မြေအငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA အပြင် မဟာမိတ်များ...
June 28, 2024
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရောက်ရှိနေသော လွိုင်ကော်စစ်ရှောင်များအား စစ်ကောင်စီမှ နေရပ်သို့...
June 27, 2024
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA က ရှမ်းတပ်နှင့် ‘ဝ’တပ်ကို သိန်း ၆,၀၀၀ လာဘ်ထိုးပြီး...