အမ်းမြို့လေယာဉ်ကွင်းနှင့် နပခတိုင်းစစ်ဌာနချုပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံနေရ

အမ်းမြို့လေယာဉ်ကွင်းနှင့် နပခတိုင်းစစ်ဌာနချုပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံနေရ

အာရက္ခတပ်တော် (AA)မှ စစ်ကောင်စီအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် လေယာဥ်ကွင်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုများရှိနေသည်ဟု စစ်ရေး အခြေအနေကို လေ့လာအကဲခတ်နေသူ အမ်းဒေသခံအမျိုးသား တစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ အမ်းကိုလည်း လက်နက်ကြီးနဲ့ အေအေက ပစ်ခတ်နေတယ်။  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရယ်၊ အားကစားကွင်းနဲ့ လေယာဥ်ကွင်းဘက်ကို အေအေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိတယ်။ စစ်တပ်ကလည်း ပြန်ပစ်တယ်။ နှစ်ဖက်အပြန်အလှန်ပေါ့ “ဟု ပြောသည်။

အာရက္ခတပ်တော်မှ စစ်ကောင်စီတပ်မှ သိမ်းဆည်းရမိသော လက်နက်ကြီးအမြောက်များကို အသုံးပြုကာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

“ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အေအေက ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာပေါ့။ စစ်တပ်ကဆီက ရထားတဲ့ အမြောက်ကြီးတွေနဲ့ နပခ တိုင်းကိုရော၊ စစ်စခန်းတွေရော၊ လေယာဉ်ကွင်းဘက်ကိုရော ချနေတာ။ နေ့ညမပြတ်ချနေတော့ စစ်တပ်က အလူးအလဲ ခံနေရတဲ့ သဘောရှိတယ် ”ဟု ပြောဆိုသည်။

လေယာဉ်ဖြင့် ပစ်ကူပေးနေ၍သာ အနောက်ပိုင်းတိုင်း ခံသာနေခြင်းဖြစ်ပြီး လေယာဉ်ပစ်ကူမှု မရှိလျှင် အမ်းအနောက်ပိုင်းတိုင်း ကျသွားသည်မှာ ကြာပြီဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

လက်ရှိ တောဟိန်းတောင်ဘက်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ အသည်းအသန် ကာကွယ်နေရသည်ဟု ပြောဆိုသည်။

“ နောက်တစ်ခုက အခု အမ်းတောဟိန်းတောင်ဖက်မှာဆိုရင်လည်း တိုက်ပွဲတွေပြင်းနေတယ်။ တောဟိန်းတောင်ထိပ်အထိ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်နေတာရှိတယ်။ တိုက်ပွဲ အပြင်းထန်ဆုံး အမ်းမြို့နယ်ထဲက လက်ရှိတပ်ပွဲဖြစ်ပွားနေတဲ့ နေရာဖြစ်ပါတယ်။ အမ်းမှာ ဖုန်းလိုင်းတချို့လည်း ဖြတ်တောက်ထားတော့ အဲဒီဘက်က သတင်းတွေ ရဖို့ မလွယ်ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

တောဟိန်းတောင်ကျသွားပါ မြို့ပေါ်ကို အာရက္ခတပ်တော်မှ အလွယ်တကူ ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်သဖြင့်  အမ်းမြို့ပေါ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ပြီး အကာအကွယ်များ အခိုင်အမာ ပြုလုပ်ထားကြောင်း သိရသည်။

အမ်းမြို့နယ် ၊ မဲလက်မောင်းအနီးက မဲတောင်တွင်လည်း  အင်အားတိုးထားပြီး ကာကင်းစခန်းများလည်း တည်ဆောက်ထားကာ အမ်းမြို့ကိုအလွယ်တကူမဝင်ရောက်နိုင်ရန် စစ်ကောင်စီက ပြုလုပ်နေသည်ဟု ပြောသည်။

“ မဲတောင်မှာဆိုရင်လည်း အင်အားတွေ မနည်းတိုးချထားတယ်။ ကာကင်းစခန်း ၅ ခုလုပ်ထားတယ်။ ရခိုင်မှာ ကျန်သေးတဲ့မြို့တွေအထဲကဆိုရင် အမ်းက စစ်အင်အား အတိုးချဲ့ဆုံး မြို့တစ်မြို့လို့ ပြောလို့ရတယ်။ပြီးမှ စစ်တွေ။ အမ်းက စစ်ကောင်စီအတွက် အရမ်းအရေးပါတဲ့မြို့ဖြစ်လို့ နောက်ဆုံး အပြင်းထန်ဆုံး ခုခံ ကာကွယ်မယ့် မြို့ဖြစ်လာနိုင်တယ်။ စစ်တွေနဲ့ အမ်းက အရမ်းအရေးကပါတဲ့ မြို့တွေဖြစ်တော့ အသည်းအသန် ခုခံဖို့ ကာကွယ်ထားပုံရပါတယ်” ဟုပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် တောဟိန်းတောင်အနီးတဝိုက်၊ မဲတောင်တို့တွင် စစ်အင်အားတိုးချဲ့ထားပြီး ကျောက်စကွဲရွာ အနီးတွင်လည်း လက်နက်ကြီးစခန်းများ တည်ဆောက်ခြင်းများဆက်တိုက်ပြုလုပ်ပြီး စစ်အင်အားကို တိုးချဲ့ဆောက်လုပ်လျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် အမ်းမြို့ပတ်ပတ်လည်တွင်လည်း စစ်ကောင်စီမှ မြေမြှုပ်မိုင်းများ အများအပြားထောင်ပြီး အကာအကွယ်ယူထားကြကြောင်းသိရသည်။

June 28, 2024
တောဟိန်းတောင်ဗျူဟာကျသွားပြီးနောက် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီးထိ...
June 28, 2024
မောင်တောမြို့တွင် ရှိသည့်  WFP ( ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) ဂိုဒေါင်ကို ခွင့်ပြုချက်မရှိဘဲ...
June 27, 2024
မြန်မာစစ်အစိုးရက လက်နက်နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ၀ယ်ယူမှုတွင် နိုင်ငံခြားဘဏ်များက...
June 26, 2024
ရခိုင်ပြည်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ တပ်ဖွဲ့များ နေရာယူထားသည့်...