ရွာဝင် ဆိုင်းဘုတ်များ တအာင်းဘာသာ ပြောင်းလဲမှု ရှမ်းရွာသားများ သဘောထား မပါ

ရွာဝင် ဆိုင်းဘုတ်များ တအာင်းဘာသာ ပြောင်းလဲမှု ရှမ်းရွာသားများ သဘောထား မပါ

ရှမ်းမြောက်ဒေသက ရှမ်းဘာသာဖြင့် ရေးထိုးထားသည့် ကျေးရွာအဝင်ဆိုင်းဘုတ်များအား တအာင်းဘာသာဖြင့် အစားထိုးမှု ဒေသခံများ၏ သဘောထားမပါဝင်ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် မူရင်းရှမ်းဘာသာဖြင့် ရေးထိုးထားသည့် ရွာအဝင်ဆိုင်းဘုတ်များအား တအာင်း (ပလောင်) ဘာသာများဖြင့် အစားထိုးရန် ဖြုတ်ချလိုက်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ က ပြောသည်။

ထိုသို့လုပ်ဆောင်ရာတွင် ဒေသခံများအား အသိပေးခြင်းမရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုသာ အစည်း အဝေး ခေါ်ယူ၍ TNLA မှ ၎င်းတို့ သဘောထားအတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းအမျိုးသားရေး လှုပ်ရှား နေသူ တစ်ဦးက ပြောသည်။

“မူလရှိပြီးသား အဲ့လိုမျိုး ပြောင်းတဲ့ဟာက မူလ ကိုယ့်ဒေသ ဥပမာ ကျမတို့ နမ့်စန်တို့၊ မန်တုံတို့၊ အဲ့လိုမျိုး ကိုယ့်ဒေသ၊ ကိုယ့်ရဲ့ အုပ်ချုပ်ခွင့်၊ ကိုယ့်လူမျိုး၊ ဥပမာဆိုရင် ကျမတို့ ဒီလူဦးရေနေထိုင်မှုကိုပဲကြည့်မလား၊ ကိုယ့်လူမျိုး နေထိုင်တဲ့ ဒီစာပေကို သုံးစွဲတဲ့လူမျိုး၊ အဲ့ပေါ်မှာ များတဲ့ဒေသမျိုးဆိုရင်တော့ ပြဿနာမရှိပေမဲ့ အတူတူရောနှော နေထိုင်တဲ့ အခု ဒီပြဿနာဖြစ်သွားတဲ့ မိုင်းယုပေါ့နော်။ ဒီမှာဆိုရင် အများဆုံးက ရှမ်းတွေ၊ ကချင်တွေနေတယ်။ အဲ့မျိုး ဘာသာစကား ပြောင်းတာတွေ၊ ဒါမျိုးလုပ်တဲ့ဟာတွေ၊ ဒါကကျတော့ လူမျိုးစု ၂ စု ကြားကို ပဋိပက္ခတွေ၊ အမုန်းတရားတွေကို ပိုပြီးမှ ကြီးထွားလာစေနိုင်တယ်။”

TNLA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားသည့်ဒေသတွင် တအာင်းဘာသာ ပြောင်းလဲရန် လုပ်ဆောင်နေခြင်းမှာ ပြဿနာ မရှိသော်လည်း ကချင်၊ ရှမ်း စသည့်လူမျိုးများ အများဆုံး နေထိုင်ကြသည့် ဒေသတွင် ယခုကဲ့သို့ လုပ်ဆောင်သည့်အတွက် လူမျိုးစုများကြား ပဋိပက္ခ ပိုမိုကြီးထွားလာစေသည်ဟု ပြောသည်။

ရှမ်းအမျိုးသားရေး လှုပ်ရှားနေသူက “နောက်တစ်ခုကကျတော့ ဒေသခံ တွေရဲ့ သဘောထားဆန္ဒတွေ မပါဘဲနဲ့ ဒါက အာဏာရှင်ဆန်တယ်လို့ မြင်တယ်ပေါ့နော်။ ကိုယ့်အဖွဲ့အစည်း တစ်ခုတည်းရဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ ဒီလိုမျိုး ပြောင်းတာတွေက” ဟု ပြောသည်။

မေလ ၅ ရက်နေ့က ကျေးရွာအဝင်ဆိုင်းဘုတ်များအား ဖြုတ်ချရန် ပန်လော့ကျေးရွာ၏ အုပ်ချုပ်ရေးမှူး တစ်ဦး တည်းကိုသာ အသိပေးခဲ့ပြီး မေလ ၈ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာ၊ မိုင်းယုလမ်းခွဲရှိ ရွာအဝင်ဆိုင်းဘုတ်များအား TNLA က ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။

တအာင်းလူမျိုးရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “ရှမ်းတွေလည်း၊ သူတို့မှာလည်း သူတို့ရဲ့ စာ၊ အလံတွေ သူတို့မှာလည်း သူတို့ရဲ့ ကိုယ်ပိုင်ရှိပြီးသား၊ ဆိုတော့ ဒါ အရင်နှစ်ပေါင်း များစွာကတည်းက သူတို့က ဒါကို လုပ်ထားပြီးသား၊ ရွာဆိုင်းဘုတ်တွေ ရှမ်းဘာသာနဲ့ သူတို့ ရှမ်း အလံနဲ့၊ အဲ့နေရာက တကယ်လို့များ တအာင်း တွေရော၊ ရှမ်းတွေရော ရှိမယ်ဆိုရင် သူတို့က တကယ်လုပ်ချင် တယ် ဆိုရင်တောင်မှ ရှမ်းတွေရဲ့ ခွင့်ပြုချက် တောင်းမှ သူတို့ရှမ်းတွေက ဒါကို သူတို့အရင်ကတည်းက လုပ်ထား တာဆိုတော့” ဟု ပြောသည်။

လက်ရှိ TNLA လုပ်ရပ်မှာ ဒီမိုကရေစီ မဆန်သည့်အပြင် အတူယှဥ်တွဲနေထိုင်သည့် လူမျိုးစုနှစ်စုကြား ပဋိပက္ခ ဖြစ်ပွားစေရန် ဦးတည်နေသည်ဟု ဒေသတွင်း တအာင်းလူမျိုးရေး တက်ကြွလှုပ်ရှားသူက ဆက်ပြောသည်။

“ဒါကို တအာင်းဖက်ကရော၊ ရှမ်းဖက်ကရော ညှိနှိုင်းပြီးမှပေါ့နော်၊ ဒါကို ကျနော်တို့ပြုပြင်မယ်၊ ရှမ်းဘာသာစာ လည်း ထည့်မယ်၊ ကျနော်တို့ရဲ့ တအာင်းဘာသာစာလည်း ထည့်မယ် ဆိုရင်တော့ တမျိုးပေါ့နော်၊ အခုကကျ တော့ ဘလိုင်းကြီးအကုန်လုံးဖြိုဖျက်၊ တအာင်းအလံတွေရော၊ တအန်းစာ တွေလည်း တပ်သွားတာဆိုတော့ ရှမ်းတွေ အတွက်လည်း မကောင်းဘူး၊ ဒါကကြာလေ လူမျိုးရေး ပဋိပက္ခတွေလည်း ပိုပြီးတော့ ဖြစ်စေလာတာ ပေါ့နော်။”

ဒေသခံများအနေဖြင့် ရှမ်းစာပေတစ်ဖက်၊ တအာင်းစာပေတစ်ဖက် နှစ်ဘာသာဖြင့် ရေးသားဖော်ပြရန် TNLA တာဝန်ရှိသူများအား တောင်းဆိုထားသော်လည်း ဗဟို၏ ခွင့်ပြုမိန့်အား စောင့်ဆိုင်းရဦးမည်ဟု မြေပြင်ရှိ တာဝန်ရှိသူများက ပြောဆိုထားသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မယေဦးအား ဆက်သွယ်မေးမြန်းရာတွင်လည်း ၎င်းတို့ မသိဘူးဟု ပြောသည်။

“ကွတ်ခိုင်ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီးတော့မှ ကျမဆီရောက်လာတာ မရှိသေးဘူး၊ ဘာမှလည်း သတင်းတက်လာ တာ မတွေ့ရသေးဘူး။”

အခြားသော တိုင်းရင်းသားများနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေး မူဝါဒများ ကျင့်သုံးနေသည် ဗိုလ်မယေဦးက ပြောသည်။

“ဒီတိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့မှ ကျမတို့သည် ငြိမ်းချမ်းစွာအတူယှဥ်တွဲရေးကို ကျမတို့ လက်ခံထား ပါတယ်။ အဲ့ကြောင့်မို့ ဒီတိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းစွာအတူယှဥ်တွဲဖို့၊ ကျမတို့ နေထိုင်သွားဖို့ရှိတယ်။ နောက် တခုက ဒီတိုင်းရင်းသား အချင်းချင်းကြားမှာ တကယ်လို့ အငြင်းပွားမှုတွေ တစုံတရာ ဖြစ်လာမယ်ဆိုရင်လည်း ကျမတို့ နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်၊ အဲ့ဒီကိစ္စသည် လူထုကစိုးရိမ်ဖွယ်ရာ မရှိဘူး။ မူလ နေထိုင်ရာက နေထိုင်နိုင်ပါတယ်ပေါ့နော်။”

ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဇန္နဝါရီလ ၈ ရက်နေ့ကစတင်၍ စစ်ကောင်စီ၏ ခမရ ၂၄၁၊ ၂၄၂၊ ၂၄၅ နှင့် အမြောက်တပ်ရင်း ၂၄၇ တို့အား မြောက်ပိုင်းမဟာမိတ်များနှင့်အတူ တအာင်းတပ်ဖွဲ့ TNLA က တိုက် ခိုက်သိမ်းယူပြီး ထိန်းချုပ်ထားခြင်း ဖြစ်သည်။

သို့သော် ကွတ်ခိုင်မြို့တွင် ကိုးကန့်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကလည်း နေရာအချို့တွင် တပ်စွဲထားသည်များ တွေ့ရပြီး ကျေးရွာဘက်အခြမ်းများအား TNLA က ထိန်းချုပ်ထားသည် ဖြစ်ရာ အုပ်ချုပ်ရေးယန္တရားများ အပြည့်အဝ လည်ပတ်နေပြီ ဖြစ်သည်။

အလားတူ ကျောက်မဲမြို့နှင့် မိုင်းငေါ့မြို့အဝင် ဆိုင်းဘုတ်ကိုလည်း ရှမ်းဘာသာဖြင့် ရေးထိုးထားသည့် နောက် ကျောဘက်တွင် ဒေသခံများ၏ သဘောထားမပါဘဲ TNLA က တအာင်းစာပေ ဖြည့်စွက်ထားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

Most read this week

October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...
October 3, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်။ထိုင်း - မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း...
October 2, 2024
ကရင်နီပြည်နယ်တွင် ကုန်းစျေးနှုန်းများ အဆမတန် မြင့်လာသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ...
September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...