စစ်ကောင်စီတပ်အနေနဲ့ ဆယ်စုနှစ်ကြာရပ်နားထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်းစတင်ဖို့ ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်းထုတ်ပြန်လိုက်တာဟာ ပြည်သူတွေကိုနိုင်ငံရေးအာရုံလွဲဖို့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အကြောင်းရှာနေတာဖြစ်တယ်လို့ ကချင် နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်းပြည်သူအားလုံးရဲ့ကန့်ကွက်မှုကြောင့် ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ထုတ်ပြန်ခဲ့တာ ခုဆိုရင် ၁၃ နှစ်ကျော်ကြာပြီဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်က မေလ ၁၇ ရက်နေ့မှာတော့ စီမံကိန်းစတင်ဖို့ ဦးဆောင်အဖွဲ့ဖွဲ့ပြီး မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းကြီးကို တစ်ဖန်ပြန်ပြီးစတင်လာနေတာဘဲ ဖြစ်ပါတယ်။
ဒါဟာ လက်ရှိ ကချင်ပြည်နယ်မှာ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအရှိန်မြင့်တက်နေပြီး စစ်တပ်ဘက်က စစ်ရေးမှာရှုံးပွဲမလှ ရှုံးနေတာကြောင့် ဒီမြစ်ဆုံစီမံကိန်းကြီးကိုအကြောင်းပြပြီး ပြည်သူတွေကို အာရုံလွှဲတာဖြစ်နိုင်သလို တစ်ဖက်မှာ တရုတ်ရဲ့အကူညီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အကြောင်းဖြစ်လာနိုင်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုနေပါတယ်။
”စစ်ရှိန်ရနေခိုက် စစ်ကောင်စီဟာ ဧပြီလ ၂၄ ရက်နေ့မှာ မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့ ဦးဆောင်ကော်မတီ (၁၁)ဦးပါကို ဖွဲ့စည်းလိုက်တယ်။ KIA က မေလ (၄) နေ့မှာ စစ်ဆင်ရေးဒုတိယလှိုင်းကို ပြန်စတင်ခဲ့တယ်။ စခန်းကြီးစခန်းငယ်ပေါင်း တော်တော်များများ သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီအခြေအနေမှာ စစ်ကောင်စီက မေလ (၁၇)ရက်နေ့မှာ မြစ်ဆုံစီမံကိန်းဦးဆောင်ကော်မတီဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်တယ်။ ဒီအချက်ကို ကြည့်လိုက်ရင် တရုတ်ရဲ့ အကူအညီကို ယူပြီး စစ်ရှိန်ရပ်ဖို့ အလောတကြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဓိက စီမံကိန်းဧရိယာဖြစ်တဲ့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်မြို့နယ်တွေမှာ စစ်မဖြစ်ဖို့ နည်းလမ်းရှာဖွေတာများလားလို့ တွေးနေမိတယ်။” လို့ သုံးသပ်ပြောဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီလ ၂၄ ရက်နေ့မှာ မြစ်ဆုံစီမံကိန်းစတင်ဖို့ အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့သိရပြီး ထုန်ပြန်ချက်ကိုတော့ မေလ ၁၇ ရက်နေ့ တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်ရေးအရှိန်မြင့်နေတဲ့ ကချင်ဒေသမှာ စစ်တပ်အနေနဲ့ ခုလိုမြစ်ဆုံစီမံကိန်းကို တစ်ဖန်ပြန်ပြီး အသက်သွင်းလာတာဟာ တရုတ်ရဲ့မျက်နှာသာရချင်တဲ့အတွက်ဖြစ်နိုင်ပြီး တစ်ဖက်မှာစစ်ရှုံးနေတဲ့ စစ်တပ်အတွက် စစ်ရေးထွက်ပေါက်ဖြစ်အောင် ဖန်တီးနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုနေကြပါတယ်။
လက်ရှိကချင်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေး ၂ ကျော်အတွင်း စခန်းကြီးငယ် တစ်ရာကျော်နဲ့မြို့ ၆ မြို့ကိုသိမ်းပိုက်ရရှိထားပြီး စစ်ရေးအရှိန်မြင့်တက်နေဆဲဖြစ်သလို မြို့တော်မြစ်ကြီနားရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်တစ်လျှောက်လုံမှာလည်း စစ်ရေးပြင်းထန်နေပြီး ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
ဒါကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ နောက်ဆုံးထွက်ပေါက်အနေနဲ့ ဒီစီမံကိန်းကိုပြန်စတင်လာတာဖြစ်သလို ပြည်သူတွေကို စစ်ရေးထက် မြစ်ဆုံအရေး အာရုံလွှဲအောင်လုပ်နေတာဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ခုလိုပြောပါတယ်။
“အဲဒါ သူတို့လုပ်နေကြဘဲ လုံးဝအခြေနေဆိုးနေပြီဆိုရင် ဘယ်နည်းလမ်းထုတ်သုံးမလဲ သူတို့မှာ အစီစဉ်ရှိပြီးသား ခုအခြေနေက ဒီလောက်တိုက်ပွဲဖြစ်နေတာကို မြစ်ဆုံပြန်စဖို့ဆိုတာ ဖြစ်လည်းမဖြစ်နိုင်သလို ဘယ်တော့မှလည်းဖြစ်လာမယ့်ဟာလည်း မဟုတ်ဘူး။ဒါကို သိသိနဲ့ပြည်သူတွေ မြစ်ဆုံလို့ကြားရင် အာရုံပြောင်းသွားကြမလားပေါ့ ဒါကသူတို့နည်းဘဲလေ”လို့ပြောပါတယ်။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲက အဲဒီစီမံကိန်းဦးဆောင်အဖွဲ့တွေရဲ့ လုပ်ငန်းတာဝန်တွေကတော့ တရုတ် SPIC Yunnan International Power investment ကုမ္မဏီနဲ့အတူ ပူးပေါင်းပြီး ရေကာတာဆောက်လုပ်ဖို့ နည်းပညာဆိုင်ရာဖြေရှင်းချက်များနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကို စီမံဆောင်ရွက်ဖို့နဲ့ တရုတ်နဲ့ မြန်မာကြား စီမံကိန်းကိစ္စညှိနှုင်းဆောက်ရွက်ရာမှာ အထောက်အကူပြုနိုင်ဖို့ ဆောက်ရွက်ပေးရန်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး မြစ်ဆုံဒေသခံလူငယ်တစ်ယောက်ကတော့ မြစ်ဆုံစီမံကိန်းကြီး ထာ၀ရရပ်တန့်သွားဖို့ ဘယ်အစိုးရခေတ်ပဲရောက်ရောက် မိမိအသက်ရှင်နေသရွေ့ ကန့်ကွက်ကာကွယ်သွားမယ်လို့ အခုလို ပြောပါတယ်။
“မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး ဆိုးကျိုးဘယ်လိုတွေဖြစ်လာနိုင်တယ်ဆိုတာ ဘာမှမသိသေးတဲ့အရွယ်မှာ ပြောင်းရွှေ့ခံခဲ့ရတယ်။ ဒီနေ့ကျမ သိလာချိန်၊ မြစ်ဆုံရေကာတာက မြန်မာနိုင်ငံအတွက် ဘယ်လောက်ထိ ဆိုးကျိုးရှိတယ်ဆိုတာ ကျမတို့သိလာချိန်မှာတော့ ဘယ်သူဘာပဲပြောနေပါစေ ဒေသခံပြည်သူလူငယ်တစ်ယောက်အနေနဲ့ နောက်နောင်လာမဲ့ညီငယ်၊ညီမငယ်တွေကို ဒီကိစ္စနဲ့ပတ်သက်ပြီးအမြဲတမ်း အမြင်ဖွင့်သွားမယ် ကာကွယ်ရမယ်၊ ရေကာတာလုပ်ဆောင်လာရင် လုံး၀ကန့်ကွက်လိုက်ရမယ်၊ကျမတို့ ဘာမှမသိခင်မှာ ပြောင်းရွှေ့ခံခဲ့ရတာတောင် တော်ပြီ။ အခုတော့ ဒါကို လုံး၀မပြုလုပ်ဖို့ ကာကွယ်ရမယ်။ ဒါကြောင့် ကိုယ်အသက်ရှင်နေသရွေ့ ဒီမြစ်ဆုံရေကာတာနဲ့ပတ်သက်ပြီး ဆက်တိုက်ကန့်ကွက် ကာကွယ်သွားမယ်။” ဟု မြစ်ဆုံဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက မေခမြစ်နဲ့ မလိခမြစ်နှစ်ခုဆုံရာနေရာမှာတည်ဆောက်ဖို့ ပြင်ဆင်နေကြတဲ့ မြစ်ဆုံစီမံကိန်းဟာ မေခမြစ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ဆည်ကြီး ၅ ခု၊ မလိခမြစ်မှာ တစ်ခုနဲ့ မလိခ–မေခ မြစ်နှစ်ခုဆုံရာ ဧရာဝတီမြစ်အစနဲ့ လေးမိုင်ကွာတဲ့ နေရာမှာတစ်ခု စုစုပေါင်းဆည် ၇ ခု တည်ဆောက်ဖို့ လွန်ခဲ့တဲ့၂၀၀၆ ခုနှစ်က မြန်မာစစ်အစိုးရနဲ့ တရုတ်နိုင်ငံက တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကုမ္မဏီ (China Power Investment – CPI) CPI တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်းကြောင့် မြစ်ဆုံအနီးတစ်ဝိုက်မှာနေထိုင်တဲ့ အောင်ဂျာရန်၊ ဒေါင်ပန်၊ လဖြဲ၊ မြစ်ဆုံ၊ တန်ဖရဲ ဆိုတဲ့ ရွာ ၅ ရွာလုံး အသိမ်းခံရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အဲ့ဒီအတွက် တရုတ် SPIC ကုမ္ပဏီက “အောင်မြင်သာရွာ” ဆိုပြီး ရွာသစ်တစ်ခုတည်ပြီး နေအိမ်တွေတော့ ပြန်ချပေးခဲ့ပါတယ်။
ဒါပေမယ့် ဒေသခံတွေဟာ အရင်ကမြေယာ ဘယ်လောက်ပဲပိုင်ခဲ့ပါစေ၊ နေရာသစ်မှာမိသားစု တစ်စုချင်းစီဟာ ပေ ၄ဝ၊ ပေ ၆ဝ မြေကွက်ပေါ်ဆောက်ထားတဲ့ နေအိမ်တစ်လုံးစီပဲ ပြန်ရကြပါတယ်။
ဒီစီမံကိန်းအတွင်းက ဒေသခံပြည်သူတွေကတော့ သူတို့ရဲ့ မူလ၊ အိမ်ခြံမြေ ဆုံးရူံးမှုတွေနဲ့ စားဝတ်နေရေး ရှာဖွေဖို့အတွက် အခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံအပြင် အခြားကမ္ဘာတစ်ဝှမ်းမှာ ရေကာတာကျိုးပေါက်မှုကြောင့် အန္တရာယ်ဆိုးဆိုးဝါးဝါး ကြုံတွေ့ခံစားရတဲ့ ဖြစ်စဉ်မြောက်များစွာက သက်သေပြနေတာကြောင့် ဧရာ၀တီမြစ်ကို တရုတ်ထံရောင်းစားဖို့ ဒီမြစ်ဆုံစီမံကိန်းကြီးကို ပြည်သူအားလုံးလက်တွဲပြီး ဘယ်အခြေအနေပဲရောက်နေပါစေ အပြင်းအထန်ကန့်ကွက်သင့်တယ်လို့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေ ထောက်ပြထားပါတယ်။
“ဒီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဖြစ်လာမှာမဟုတ်ဘူးလို့ယုံတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြစ်ဆုံရေကာတာက ဖြစ်လာနိုင်မှာမဟုတ်ဘူး။ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်တဲ့သူတွေနဲ့ ဒေသခံပြည်သူတွေအပြင် မြန်မာတနိုင်ငံလုံးကပြည်သူတွေ လက်တွဲပြီးကန့်ကွက်နေတာဖြစ်တာကြောင့် ဆက်လက်ပြီး ကန့်ကွက်သွားမှာပဲ။” လို့ Kachin Environmental Group (KEG) Deputy Director ဆရာမ ဆိုင်းနီက ပြောပါတယ်။
ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့အသက်သွေးကြောမြစ်ဖြစ်သလို သန်းနဲ့ချီတဲ့ပြည်သူတွေ မှီခိုနေကြတာလည်းဖြစ်ပြီး ဒီလိုမြစ်ကြီးတွေကို မထိန်းသိမ်း မစောင့်ရှောက်ရင် တိုင်းပြည်ဟာ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်နိုင်ဘူးလို့ သဘာဝပတ်ဝန်းကျင်လေ့လာသူများက ပြောဆိုကြပါတယ်။