မိုးမောက်မြို့ စျေးဆိုင်နဲ့လူနေအိမ်တစ်ချို့ဖောက်ထွင်းခံနေရတဲ့အပြင် အရပ်သားနေအိမ်တစ်ချို့မှာစစ်တပ်ကနေရာယူထား

မိုးမောက်မြို့ စျေးဆိုင်နဲ့လူနေအိမ်တစ်ချို့ဖောက်ထွင်းခံနေရတဲ့အပြင် အရပ်သားနေအိမ်တစ်ချို့မှာစစ်တပ်ကနေရာယူထား

မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင် လူနေအိမ်တစ်ချို့မှာလည်း ဝင်ရောက်နေရာယူထားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကစပြီး  မိုးမောက်မြို့ဈေးကြီးတံခါးရိုက်ချိုးပြီး ဈေးဆိုင်ထဲကပစ္စည်းတွေသယ်ယူနေတဲ့အပြင် လူမရှိတဲ့နေအိမ်တစ်ချို့မှာ စစ်သားတွေနေရာယူထားကြတယ်လို့  မိုးမောက်မြို့ခံတစ်ချို့ကပြောပါတယ်။

“ ဈေးကြီးကိုဖျက်ပြီး ဆိုင်တွေမှာဝင်ပြီး နေရာတွေယူ၊ ပစ္စည်းတွေ ယူချင်သလိုယူနေကြတာ၊ ပြီးတော့ ညနေကျတော့ အဲ့ဒီဈေးရဲ့ မျက်စောင်းထိုးက ဆန်ဆိုင်ကနေပြီး ကားတွေရော အကုန်ယူသွားတာ” လို့ပြောပါတယ်။

မိုးမောက်မြို့မှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကနေ စစ်တပ်နဲ့ KIA တပ်တို့အကြား မကြာခဏ ဆိုသလို တိုက်ပွဲဖြစ်နေတဲ့အပြင် မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် ဒေသခံအများပိုင်း နေရပ်စွန့်ခွာထွက်ပြေးကြပြီဖြစ်ပါတယ်။

သို့သော် မသန်စွမ်းသူတချို့နဲ့  အိမ်စောင့်အဖြစ်ကျန်နေသေးတဲ့ ဒေသခံပြည်သူတစ်ချို့ ရှိနေသေးတာဖြစ်ပါတယ်။

ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်သွားတဲ့နောက် စစ်တပ်ဘက်က ပြည်သူတွေရဲ့နေအိမ်အထိ ပစ္စည်းခိုးယူတာ ဝင်ရောက်နေရာယူနေထိုင်နေကြတာကြောင့် ကျန်နေခဲ့တဲ့သူတွေလည်း ဗန်းမော်မြို့ဘက်ကို ထွက်ပြေးဖို့ ကား၊ သုံးဘီး၊ ဆိုင်ကယ်တွေနဲ့စီစဉ်နေကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် မြို့ အဝင်အထွက်ကို စစ်တပ်ဘက်က ပိတ်လိုက်ဖွင့်လိုက်လုပ်နေတဲ့အပြင် မိုးမောက်- ဗန်းမော်သွားလမ်း ၅ မိုင်ဂိတ်မှာလည်း လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်နေတဲ့အတွက် ထွက်ပြေးဖို့ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

“ သူတို့က အဲ့ဒီ ၅မိုင်ဂိတ်မှာ ပိတ်ချလိုက်တာ၊ အဝင်အထွက်မလုပ်ခိုင်းဘူး တစ်ချို့ပြေးတဲ့သူတွေကိုကျတော့ ခင်ဗျားတို့ ကြောက်လို့ ပြေးတာ ပြေးကြပေါ့၊ ခင်ဗျားတို့သေမှာကြောက်တယ်မလား ပြေးကြဆိုပြီး ခနဲ့တဲ့တဲ့ စကားတွေနဲ့ ပြောနေတာ” လို့ မိုးမောက်မှာကျန်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မိုးမောက်မြို့ ကြေးနန်ရပ်ကွက်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းရဲ့ လက်ဝါးကပ်တိုင်မှာ လက်နက်ကြီး၊ အမြောက်တွေဆင်ထားကြတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ မိုးမောက်မြို့ရဲ့အောက်ဘက်ခြမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က နေရာယူထားပြီး မိုးမောက်မြို့အထွက်အထက်ပိုင်းကိုတော့  စစ်ကောင်စီတပ်က နေရာယူထားတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

မိုးမောက်နဲ့ လွယ်ဂျယ်ကြား စစ်ကောင်စီရဲ့အရေးပါတပ်စခန်းကြီးတွေဖြစ်တဲ့ ယောယုံ၊ မဒါဘွမ်၊ စိန်လုံ စတဲ့စခန်းတွေနဲ့ အတူ စခန်းပေါင်း ၁၀ ကျော်ကို KIA ဘက်က မတ်လမှာဘဲ သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဒီစခန်းကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်ရှိ မိုးမောက် ခလရ  ၄၃၇ ရောက်ရှိနေပြီး စစ်အင်အားဖြည့်တင်းထားတယ်လို့လည်း သိရပါတယ်။

Most read this week

May 17, 2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်...
May 16, 2024
တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 15, 2024
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 13, 2024
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅...