AA ခေါင်းဆောင်များသည် လူမျိုးဘာသာခွဲခြားမှုမရှိသော အမြော်အမြင်ရှိသူများဖြစ်သည်ဟု စစ်တွေအခြေစိုက် ကုလသမဂ္ဂ အရာရှိဟောင်းကမှတ်ချက်ပေး

AA ခေါင်းဆောင်များသည် လူမျိုးဘာသာခွဲခြားမှုမရှိသော အမြော်အမြင်ရှိသူများဖြစ်သည်ဟု စစ်တွေအခြေစိုက် ကုလသမဂ္ဂ အရာရှိဟောင်းကမှတ်ချက်ပေး

အာရက္ခတပ်တော်( AA)၏ ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ လူမျိုးရေး ဘာသာရေး ခွဲခြားသူများ မဟုတ်ဘဲ အမြော်အမြင်ရှိသူများဖြစ်သည်ဟု ဧပြီ ၂၂ ရက်နေ့က  စစ်တွေအခြေစိုက် ကုလသမဂ္ဂ အရာရှိဟောင်း တစ်ဦးဖြစ်သူ  ပေါ်လ်ဂရင်းနင်း (Paul Greening) က BBC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုသည်။

ပေါ်လ် ဂရင်းနင်း Paul Greening သည် စစ်တွေအခြေစိုက် ကုလသမဂ္ဂ အရာရှိ တစ်ဦး အနေဖြင့် ၂၀၁၇ က စတင်ကာ ၂၀၂၀ အထိ ရခိုင်လူထုနှင့် အနီးကပ်ဆုံး ရှိနေခဲ့သည့် ဒုက္ခသည် ကူညီရေး IOM အဖွဲ့၏ ထိုအချိန်က ပရောဂျက် မန်နေဂျာ ဖြစ်သည်။

BBC (မြန်မာပိုင်း) သတင်းဌာနမှ“ပေါ်လ် အနေနှင့် အေအေ အပေါ်တွင် ဘယ်လို ဆန်းစစ်ထားပါသလဲ” ဆိုသည့်မေးခွန်းအား မေးမြန်းခဲ့သည်။

၎င်းက “အေအေဟာ ၁၀၀ ရာခိုင်နှုန်း ခြောက်ပစ်ကင်း သဲလဲစင် ဆိုတာမျိုး ကျွန်တော် မပြောပါဘူး။ ဒါပေမယ့် စစ်ကောင်စီနဲ့ ညီမျှခြင်းချမယ် ဆိုရင်တော့ အဓိပ္ပာယ်လုံးလုံး ရှိမှာ မဟုတ်ပါဘူး။ အဲဒီ အဖွဲ့အစည်း နှစ်ခုကြား ကွဲပြားမှု၊ မတူညီမှုက ကြီးမားလှပါတယ်။ မြေပြင်ပေါ်မှာ အေအေဘက်က လွန်ကျူးမှု တစ်ချို့ ရှိနိုင်ပါတယ်။ လူတွေကို ရိုက်တာနှက်တာ လုပ်တဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ ဘာလို့ အဲဒီလို ပြောရတာလဲ ဆိုတော့ ကျွန်တော်တို့ သိထားတဲ့ အေအေရဲ့ ခေါင်းဆောင်မှု အပိုင်းဟာ အဲဒီလို အပြုအမူတွေ ကျူးလွန်ခြင်းအားဖြင့် သူတို့ရည်မှန်းထားတာတွေကို အထိခိုက် အဆုံးရှုံး ခံမှာ မဟုတ်ပါဘူး။ သူတို့ အဲဒီလောက် မမိုက်မဲကြပါဘူး။ အေအေရဲ့ ခေါင်းဆောင်မှု အပိုင်းက သူတွေဟာ အတော်လေး အမြော်အမြင်ရှိပြီး  smart ဖြစ်ကြပါတယ်။ သူတို့ဟာ ဗျူဟာမြောက် အမှားမျိုး မကျူးလွန်ဖို့ရာ အသိရှိကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဟုဖြေကြားထားသည်။

ထို့အပြင် ယခုနောက်ပိုင်းနှစ်များတွင် ရခိုင်နှင့် မွတ်ဆလင်အသိုင်းအဝိုင်းကြား ဆက်ဆံမှုများ ပြန် ကောင်းမွန်လာကာ အလုပ်အတူ ယှဥ်တွဲပြီး လုပ်နေကြသည့် တိုးတက်ပြောင်းလဲမှုများအပေါ် တချို့က အပြည့်အဝ သိမြင်သဘောပေါက်ထားဟန် မရှိကြောင်းလည်း ပေါ်လ် ဂရင်းနင်း ကပြောဆိုခဲ့သည်။

“ အေအေတွေ မွတ်ဆလင်တွေ အပေါ် ဘယ်လို ဘယ်ပုံတွေ ပြုမူ ကျူးလွန်နေကြတယ် ဆိုတာမျိုး တွစ်တာပေါ် တွေ့ရချိန်မှာ ... ကျောက်တော်က ကျွန်တော့် မိတ်ဆွေကလည်း သူနဲ့ သူ့ရဲ့ ရခိုင် သူငယ်ချင်းတွေ ကျောက်တော်စျေးထဲ အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကျွန်တော့်ဆီ လှမ်းပို့ နေပါတယ်။ ကျွန်တော် ပြောချင်တာက အပြင်နဲ့ အထဲ မတူတဲ့ contrast အမြင်တွေ ရှိနေတာကိုပါ “ ဟုလည်း ပေါ်လ် ဂရင်းနင်း ကပြောဆိုထားသည်။

အာရက္ခတပ်တော်သည် ရခိုင်နှင့် မွတ်ဆလင်များအကြား ပြန်လည်သင့်မြတ်ရေးအတွက် လူမျိုး နှစ်မျိုးအကြား ဘောလုံးအားကစားပွဲများကျင်းပပေးသလို လူမျိုးဘာသာမခွဲခြားဘဲ ရေဘေး လေဘေး အကူအညီများမှုများလည်း ပေးအပ်မှုများရှိနေသည်ဟု သိရသည်။

၎င်းပြင် မွတ်လင်ကျေးရွာများအထိ ဆင်းပြီး ဆေးဝါးကုသပေးမှုများကို ပြုလုပ်ပေးနေကြောင်း သိရသည်။

ဧပြီလ ၂၁ ရက် နေ့စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင်  “ အကြမ်းဖက် စစ်ကောင်တပ်အား တော်လှန်တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်အား မွတ်ဆလင်များမှ  ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေသည့် ဖိအားပေးစေခိုင်းမှုများနှင့် အတူ အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေပြီး လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်တက်လာအောင် ယုတ်မာကောက်ကျစ်သည့် အကြံဆိုးဖြင့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်” ဟု ဖော်ပြထားသည်။

Most read this week

May 16, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး...
May 16, 2024
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်...
May 15, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ လင်းသီရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသူ...