စစ်ကောင်စီ ပြန်ကြားရေး အချက်အလက်များ လွဲမှားဟု ကရင်နီ အုပ်ချုပ်ရေး ကောင်စီ ထောက်ပြ

စစ်ကောင်စီ ပြန်ကြားရေး အချက်အလက်များ လွဲမှားဟု ကရင်နီ အုပ်ချုပ်ရေး ကောင်စီ ထောက်ပြ

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြေပြင်တွင် ဖြစ်ပျက်နေသည်များနှင့် ကွဲလွှဲစွာ ဝါဒဖြန့် သတင်းအမှားများ ထုတ်ပြန်နေ သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ကထောက်ပြလိုက်သည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လွိုင်ကော်တက္ကသိုလ်အား ကရင်နီလက်နက်ကိုင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ် ခတ်ပြီး တက္ကသိုလ်ဝင်းအတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောဆိုထားသည်။

ထို့အပြင် KNPP နှင့် PDF များ၏ လက်နက်များနှင့် အလောင်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး မိမိတို့ဘက်မှ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

ထိုကဲ့သို့ စစ်ကောင်စီ၏ ထုတ်ပြန် ဝါဒဖြန့်မှုနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် မယုံကြည်ကြရန်၊  မိမိကိုယ် ကို လုံခြုံအောင်နေခြင်းအားဖြင့် တော်လှန်ရေးတွင် ပါဝင်ကူညီကြရန် IEC တာဝန်ရှိသူက ပြောသည်။

IEC အတွင်းရေးမှူး ခူးပလုရယ်က ”အခြေခံအားဖြင့်တော့ ပြည်သူလူထုတွေက မိမိကိုယ်ကို ဘေးကင်း လုံခြုံ အောင် ကြိုးစားပြီးမှ နေထိုင်တာ လုံခြုံရေးသတိနဲ့ နေတာတွေက တော်လှန်ရေးကို အများကြီး အထောက်အကူ ပြုပါတယ်။ နောက်တစ်ချက်ကတော့ သတင်းအချက်လက်တွေကို အမှန်တိုင်းရရှိနိုင်ဖို့နဲ့ ခွဲခြမ်းစိတ်ဖြာသုံးသပ် နိုင်ဖို့ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး စစ်ရေးအခြေနေတွေက သတင်းမှား သတင်းလိမ်တွေ အများကြီးရှိတယ် ပေါ့နော်။ ဝါဒဖြန့်တာမှိုင်းတိုက်တဲ့ဟာ အများကြီးရှိတယ်။ အဲ့ဒါကြောင့် သတင်းမှားတွေကို အရမ်းမယုံမိဖို့ ရလာတဲ့ သတင်းအချက်လက်တွေကိုလည်း စီစစ်သုံးသပ်နိုင်ဖို့ ဒါတွေကိုလည်း ပြည်သူလူထုက အသေအချာ လုပ်နိုင်ရင်ဖြင့် တော့လှန်ရေးကို အထောက်ကူပြုပါတယ်လို့ အခြေခံကျတဲ့အချက်တွေကို ပြောချင်ပါတယ်” ဟု ပြောသည်။

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း ၁၃၄ ဦးနှင့် ၎င်းတို့၏ မိသားစုများကို လူသားချင်း စာနာထောက် ထားမှု၊ လူ့အခွင့်အရေးများနှင့် အညီ ဘေးကင်းလုံခြုံစွာ ပြောင်းရွှေ့ စောင့်ရှောက်ထားသည်ဟု IEC ၏ သတင်း ထုတ်ပြန်ချက်တွင် ရုပ်ပုံနှင့် တစ်ကွဖော်ပြထားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့သော ကရင်နီတော်လှန်ရေး တပ်ပေါင်းစု၏ ၁၁.၁၁ စစ်ဆင်ရေးမှာ ယနေ့ အချိန်ထိ နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

နှစ်ဘက်အပြိုင်စစ်ရေးအရ ထိန်းချုပ်နိုင်ရန် ကြိုးစားနေသောအချိန်၌ စစ်ကောင်စီတပ်များအနေဖြင့် အမြန်ဆုံး အလင်းဝင်ကြရန်လည်း ခူးပလုရယ်မှ ယခုကဲ့သို့ တိုက်တွန်း ပြောဆိုသည်။

”စစ်ကောင်စီ တပ်သားတွေ အနေနဲ့ ဒီလို CDM လုပ်ဖို့ဆိုရင် အခု ကျနော်တို့ ကရင်နီမှာက လောလောဆယ် နှစ်ခု ရှိပါတယ်။ တစ်ခုက ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ကရင်နီ ပြည်သူ့ရင်ခွင်ခိုလှုံရေး CDM ဌာနဆိုတာရှိပါတယ်။ အဲဒီဌာနကို ဆက်သွယ်ပြီးတော့မှ CDMလုပ်တာ ဘက်ပြောင်း ခိုလှုံတာ လုပ်လို့ရပါတယ်။ ပြီးရင်တော့ KNPP က ဘက်ပြောင်း CDM ကြီးကြပ်ရေး ကော်မတီဆိုတာကိုလည်း ဖွဲ့ထားတာရှိပါတယ်။ ဒီကော်မတီတွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဘက်ပြောင်းခိုလှုံတဲ့ အစီစဥ်မှာပါဝင်လို့ရပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သားများ အနေဖြင့် CDM ပြုလုပ်လိုလျှင် ကရင်နီပြည်သူ့ရင်ခွင်၏ Facebook page၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ဘက်ပြောင်း CDM ကြည့်ကြပ်ရေးကော်မတီ တို့ကို ဆက်သွယ်နိုင် ကြောင်း၊ ဆက်သွယ်လာသူများကို စနစ်တကျ လက်ခံဆောင်ရွက်ပေးနေကြောင်း အတွင်းရေးမှုး ခူးပလုရယ်က ဆိုသည်။

နိုဝင်ဘာလ ပထမ အပတ်ထဲတွင် ရဲအရာရှိတစ်ဦးမှာ မိသားစုနှင့်တစ်ကွ လက်နက်နှင့်အတူ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF B-02 ထံ ဆက်သွယ်၍ ခိုလှုံလာခဲ့သည်။

January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...
January 7, 2025
မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN...