တိုက်ပွဲများကြောင့် လွိုင်ကော်မြို့တွင်း အရပ်သားများ ပိတ်မိနေ

တိုက်ပွဲများကြောင့် လွိုင်ကော်မြို့တွင်း အရပ်သားများ ပိတ်မိနေ

ကရင်နီ (ကယား)ပြည်၊ လွိုင်ကော်မြို့ တိုက်ပွဲအတွင်း အရပ်သား ပြည်သူများ ပိတ်မိနေသည်ဟု ဒေသခံပြည်သူ များက ပြောသည်။

လွိုင်ကော်မြို့ပြင်ရှိ ရပ်ကွက်များ ဖြစ်သော ဒေါဥခူ၊ ဘာဒို၊ ချိကယ်၊ နာနတ်တောနှင့် အခြားသောရပ်ကွက်များ မှ ပြည်သူများ ပိတ်မိနေကြပြီး စစ်ကောင်စီဘက်က အဆိုပါ ပိတ်မိပြည်သူများကို ထွက်ခွာခွင့်မပေးဘဲ အဝင် အထွက်နေရာများတွင် ပိတ်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပိတ်မိနေသူ ဒေသခံ အမျိုးသမီးတစ်ဦးက ”အစ်မတို့လည်း အထဲမှာပဲနေတယ်။ လက်နက်ကြီး တအားလာလို့ လေ။ ကြောက်လို့ အိမ်ထဲမှာပဲနေတယ်။ ကလေးတွေလည်း ဒီမှာပဲ၊ အကုန် လုံတယ်ထင်တဲ့ အခန်းတစ်ခန်းမှာပဲ နေနေကြတာ။ အစ်မတို့နား နှစ်လုံး သုံးလုံးလောက်လာကျတယ်။ အစပဲ စင်လာတယ်။ အစ်မတို့အိမ် တစ်လမ်း အကျော်နား အိမ်တစ်လုံးတော့ မီးထလောင်တယ်။ လူမရှိဘူးနဲ့တူတယ်။ ဒီလိုပဲမီးခိုးစွဲနေတော့ အဲ့ဒါ သွားငြိမ်းရ မှာလည်း မထွက်ရဲကြဘူး” ဟု ပြောသည်။

လွိုင်ကော်မြို့ အနီးရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် ၂၅၀ နှင့် အမှတ် ၂၆၁ တပ်တို့မှ ပစ်ခတ်သော လက်နက် ကြီးများသည် အရပ်သားပြည်သူများ နေထိုင်သည့် ရပ်ကွက်များထဲ ကျရောက်ပေါက်ကွဲမှုများရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် နေအိမ်မီးလောင်ပျက်စီးမှုများ ရှိနေသည်ဟု ဆိုကြသည်။

အဆိုပါ ပိတ်မိနေသူ ဒေသခံအမျိုးသမီးက ”တချို့တော့ ပြေးကုန်ပြီ တချို့ရှိသေးတာပဲ။ အစက အစ်မတို့ အနောက်အိမ်က ရှိတယ်။ နောက်အခု ဘယ်အချိန် ထပြေးသွားကြလဲ မသိဘူး။ ကားလည်း မရှိတော့ဘူး။ နောင် ယားက အမျိုးတွေတော့ ခေါ်နေတယ်။ ဒါပေမယ့် သူတို့အိမ်လည်း မလုံခြုံပါဘူး။ ဒီမှာက အုတ်ကာနဲ့ ဆိုတော့ ဒီမှာ ပိုလုံခြုံမယ်ထင်လို့ မသွားတော့တာ” ဟု ပြောသည်။

မြို့ပြင်ရပ်ကွက်များက ဒေသခံပြည်သူများသည် လုံခြုံနိုင်မည်ဟု ထင်ရသော မြို့အတွင်းပိုင်းရှိ ရပ်ကွက်များ ဆီသို့ ပြောင်းရွှေ့သွားသူများ ရှိသည်ဟု ဆိုကြသည်။

သို့သော် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ဖြစ်ပွားနေသော လွိုင်ကော်မြို့နယ်အတွင်းက တိုက်ပွဲအခြေအနေများသည် မြို့တွင်းရော မြို့ပြင်တွင်ပါ အပြည့်အဝ လုံခြုံစိတ်ချရသည့် နေရာမျိုး မရှိသောကြောင့် အချို့မှာလည်း မိမိတို့၏ နေအိမ်များထဲတွင်သာ နေနေကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။

မြို့အတွင်းပိုင်းသို့ သွားရောက် ခိုလှုံနေသူ မလင်းလင်းက ”တိုက်ပွဲ ဖြစ်နေတဲ့ အချိန်ဆို မထွက်နဲ့ တွေ့တာနဲ့ ပစ်မှာပဲ။ ဖြစ်နေတဲ့ အချိန်မထွက်ဖို့ပေါ့ အဲဒါကတော့ ဘယ်ဖက်ပဲ ဖြစ် ဖြစ်ပြောတယ်” ဟု ပြောသည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် လက်ရှိတွင် မြို့ပြင်ရပ်ကွက်များထဲ ပိတ်မိနေသူ ဦးရေ မည်မျှ ရှိသည်ကိုမူ ခန့်မှန်း၍ မရနိုင်ဘူးဟု မလင်းလင်းက ဆိုသည်။

လက်ရှိဖြစ်ပွားနေသော တိုက်ပွဲအခြေအနေများအရ နေအိမ်အပြင်သို့ ထွက်ရန်ပင် အလွန်ခက်ခဲနေကြပြီး နေ့စဉ် နံနက်ပိုင်း ရပ်ကွက်အတွင်းရှိ ဆိုင်များမှ လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူကာ နံနက် ၁၀ နာရီကျော်ပါက မည် သူမည်ဝါမှ အပြင်တွင်မရှိတော့ဘဲ အိမ်ထဲတွင် ပုန်းအောင်း ခိုလှုံနေကြရသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ မြို့ပြင်ရပ်ကွက်အပြင် မြို့ပေါ်ရပ်ကွက်အများစုတွင်ပါ လျှပ်စစ်မီးများ ပြတ်တောက်နေသောကြောင့် တိုက်ပွဲ ရက်ရှည်ကြာလာပါက အင်တာနက်နှင့် ဖုန်းလိုင်းများပါ ပြတ်တောက်သွားမည်ကို ဒေသခံ ပြည်သူများ က စိုးရိမ်နေကြသည်။

ကရင်နီအမျိုးသား တော်လှန်ရေးတပ်ပေါင်းစုက ပြုလုပ်နေသော 11.11 Operation သုံးရက်မြောက်နေ့မှ စ၍ စစ် ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ရုံးများကို ပိတ်ထားရန် ညွှန်ကြားထားပြီး နောက်ထပ်ညွှန်ကြားချက် တစ်စုံ တစ်ရာ မထုတ်ပြန်မချင်း ရုံးမတက်ကြသေးရန် ထုတ်ပြန်ထားကြောင်း Jobs for Kayah လူမှုကွန်ရက် စာမျက်နှာ တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ တပ်စခန်း၊ ကင်းစခန်း နှင့် ဂိတ်များ၊ အစိုးရ ဌာနဆိုင်ရာ ရုံးများ၊ စစ်ကောင်စီ တပ်အင်အား ချထား သော နေရာများ၊ အကျဥ်းထောင်အနီး နှင့် ရဲစခန်းအနီး စသောနေရာများတွင် ပြည်သူများ နေထိုင် သွားလာခြင်း မပြုကြရန်လည်း ကရင်နီ အမျိုးသား တော်လှန်ရေးတပ်ပေါင်းစု က ထုတ်ပြန်ထားသည်။

October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...
October 19, 2024
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က အဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက်...