စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ သာစည်ကျေးရွာကို စစ်ကောင်စီတပ်က တစ်ပတ်ကြာ မီးရှို့မှုကြောင့် ပြည်သူများ၏နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျသွားသည့်အပြင် သာစည်ကျေးရွာနှင့် အနီးတဝိုက်ရှိ အခြား ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများမှာ ဘေးလွှတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။
ကလေးမြို့မှ ၃ မိုင်ခန့်ကွာဝေးပြီး ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်တွင် တည်ရှိသော သာစည်ကျေးရွာကို ဩ ဂုတ်လ ၁၄ ရက်နေ့ မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ကိုင်တုတ် ပျူစောထီး အဖွဲ့များ ပူးပေါင်း ကာ ပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ကလေးမြို့နယ် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး အဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
“၁၄ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီက သာစည်ရွာထဲကို စတင်ဝင်ရောက် စီးနင်းလာတာပေါ့နော်၊ ဒီ ၁၄ ရက်နေ့မှာပဲ စတင်မီးရှို့ဖျက်ဆီးလာတာ ဒီနေ့နဲ့ဆို တစ်ပတ်ရှိပြီပေါ့။ ဒီတစ်ပတ်အတွင်းမှာ အိမ်ခြေပေါင်း ၁၀၀ ကျော်မီးရှုခံရပြီဗျ။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်တဲ့အခါမှာ အိမ်တစ်အိမ်ကတော့ တောက်လျှောက် မီးလောင်သွားတယ်။ အဲ့ဒီနောက် သာစည်ရွာထဲကို စစ်ကောင်စီကရောက်လာပြီးတော့မှ လူကိုယ်တိုင်မီးရှို့ နေကြတယ်ဗျ” ဟု ပြောသည်။
သာစည်ကျေးရွာနှင့် အနီးတဝိုက်ရှိရွာများသည် စစ်ကောင်စီတပ်ဖွဲ့မှ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည့် ရွာများဖြစ်ပြီး ပြည်သူများ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်ရသည်မှာ အကြိမ်ပေါင်း မနည်းတော့ကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် သာစည်ကျေးရွာနှင့် အနီးတဝိုက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများကြောင့် ကျေး ရွာပေါင်း ၅ ရွာက ထောင်နှင့်ချီသော ပြည်သူများသည် ကလေးမြို့ တောင်ပိုင်းစစ်ရှောင်စခန်း၊ နီးစပ်ရာ ကျေးရွာ များ နှင့် ကလေးမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်နေကြရကာ စားရေးသောက်ရေးအတွက် အခက်ကြုံနေကြရ သည်။
ကူညီပေးနေသူတစ်ဦးက “လက်ရှိမှာကတော့ လုံခြုံစိတ်ချရတဲ့ နေရာမှာပေါ့နော်၊ စစ်ဘေးရှောင်တွေက နေရေး ထိုင်ရေးမှာတော့ အဆင်ပြေနေတဲ့ အခြေအနေမှာရှိတယ်။ သို့ပေမဲ့လည်း ရိက္ခာပိုင်းမှာတော့ အင်မတန်မှ အခက် အခဲနဲ့ ရင်ဆိုင်နေရ တယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဌာနကလည်း ကူညီပေးနိုင်တဲ့ အခြေအနေမှာ မရှိ သေးဘူးဗျ၊ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ရုန်းကန်ပြီးခါမှ ကူညီပေးတာတွေရှိတယ်။ အခုနောက်ပိုင်းတော့ မကူညီပေးနိုင်သေးဘူး။ ပြည်တွင်းပြည်ပက အကူအညီတွေ ကျွန်တော်တို့ဆီ မရောက်သေးလို့ပေါ့နော် အဲလို အခက်အခဲတွေတော့ ရင်ဆိုင်နေရတယ်ဗျ“ ဟု ပြောသည်။
စစ်ကောင်စီတပ်မှ သာစည်ကျေးရွာကို မီးရှို့ခဲ့သည့်အပြင် ရွာသား ၅ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သတင်း များ ထွက်ပေါ်သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
ဩဂုတ်လ ၁၅ ရက်နေ့တွင်လည်း စစ်ကောင်တပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ လေကြောင်းသုံး ပစ်ခတ်ခဲ့ခြင်းကြောင့် သာစည်ကျေးရွာသားတစ်ဦးနှင့် နွား ၂ ကောင် သေဆုံးခဲ့ပြီး အသက် ၅၇ နှစ် ဦးမန်းစိန် ညာဘက်လက်၊ ခြေထောက်နှင့် ဝမ်းဗိုက်တွင် ဒါဏ်ရာ အပြင်း အထန်ရခဲ့ကာ ခွဲစိတ်ကုသမှု ခံယူနေရသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့မှ ဓါတုလက်နက်ဟုယူဆရသော လက်နက်များအသုံးပြုခြင်းကြောင့် တော်လှန် ရေးရဲဘော် ၇ ဦးနှင့် ပြည်သူ အယောက် ၂၀ တို့ ထိခိုက်ခဲ့ရာ အချိန်မီ ကုသနိုင်ခဲ့ခြင်းကြောင့် ယခုချိန်တွင် ပြန် လည် ကျန်းမာလာပြီဟု ဆိုသည်။
ကူညီပေးနေသူ တစ်ဦးက “အဲဒါက သူတို့ ပစ်လိုက်တဲ့ လက်နက်ကြီးပေါ့နော် ၆၀ မမ လိုဟာကို ပစ်လိုက်တယ်။ မြေပြင်မှာကျသွားတဲ့အခါ အခိုးတွေ အများကြီးထွက်လာတယ်ပေါ့။ အဲဒီအခိုးငွေ့တွေ ရှူရှိုက်မိတဲ့ ရဲဘော်တွေ က ချက်ချင်းကို မူးလဲသွားတာပေါ့။ အဲတော့ ဆေးဝါးတွေနဲ့ ချက်ချင်းကုသပေးနိုင်ခဲ့လို့ အခုဆိုရင် အားလုံး အဆင်ပြေသွားကြပြီဗျ” ဟု ပြောသည်။
ယခုလက်ရှိ ကလေးမြို့တောင်ပိုင်း သာစည်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ မဖြစ်သော်လည်း စစ်ရေးတင်းမာ လျက်ရှိရာ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ဒေသခံများနှင့် ကူညီပေးနေသူများက ပြောသည်။