ကန်ပက်လက်နဲ့ ဆောမြို့ကြား တိုက်ပွဲတွင် စစ်ကောင်စီက ၅ ဦးထက်နည်း သေဆုံး

ကန်ပက်လက်နဲ့ ဆောမြို့ကြား တိုက်ပွဲတွင် စစ်ကောင်စီက ၅ ဦးထက်နည်း သေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း၊ ဆောမြို့နယ်အကြားတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ် ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဇူလိုင်လ ၁၈ ရက်နေ့ (ယနေ့) တွင် နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီက ၅ ဦးထက်မနည်း သေဆုံး ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်၊ Khonu တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့ နံနက် ၇ နာရီမှ ၈ နာရီအထိ ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာနှင့် ဆောမြို့နယ်၊ ဆွဲလဲကျင်း ရွာကြားမှာ အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ ခြင်းဖြစ်သည်။

“CDF က တစ်ယောက် မစိုးရိမ် ဒဏ်ရာရထားတယ်။ စကစ ဘက်က ၅/၆ ဦး အနည်းဆုံး ကျမယ်လို့ ဒုတပ်ရင်းမှူး ပြောပါတယ်။ အသေးစိတ် မသိရသေးဘူး။ တက်လာတဲ့ စကစတွေကို အသင့်စောင့်နေတဲ့ ကျနော်တို့ CDF လူငယ်တွေက စပစ်တယ်။ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နိုင်ဖွယ် ရှိတယ်။ တိုက်ပွဲနဲ့ အနီးစပ်ဆုံး မဆာတွီရွာမှာ ရွာသား တစ်ဦးမှ မရှိကြတော့ပါဘူး” ဟု Khonu တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တိုက်ပွဲတွင် အထိနာသော စစ်ကောင်စီသည် ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် တိုက်လေယာဉ် (၂) စီး အသုံးပြု ကာ တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် မဆာတွီကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ပထမတစ်ကြိမ်တွင် တိုက်လေယာဉ် (၂) စီးဖြင့် တစ်ကြိမ်၊ ဒုတိယအကြိမ်တွင် လေယာဉ် (၁)စီးဖြင့် တစ်ကြိမ်၊ နောက်ဆုံးတွင် တိုက်လေယာဉ် (၂)စီးဖြင့် တစ်ကြိမ်၊ သုံးကြိမ်တိုင်တိုက် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

Khonu တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက “လေယာဉ်နဲ့ ၃ ကြိမ်မြောက် လာတိုက်နေပါတယ်။ လေယာဉ်နဲ့ ၇ မိနစ် လောက် အပေါ်မှာ စောင့်ပြီး ပစ်သွားတယ်။ လေယာဉ်ကြောင့် BCM ဘုရားကျောင်း တစ်ကျောင်းနဲ့ အရပ်သား အိမ်တချို့ ပျက်စီးသွားတယ်။ လူငယ်တွေ မထိခိုက်ပါဘူး။ လူတွေ မထိခိုက်ပါဘူး” ဟု ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဇူလိုင် ၁၄ ရက်နေ့က ဆောမြို့နယ်၊ ရင်းကဲကျေးရွာ အနီး တိုက်ပွဲတွင် ချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့က ၅ ဦး ကျဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ၀ါဒဖြန့် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ လက်နက်နှင့် ရိက္ခာဖြည့်တင်းရန် ကြိုးစား နေ သော စစ်ကောင်စီ စစ်ကြောင်းကို ချင်းအမျိုးသားတပ် (CNA)၊ ကန်ပက်လက် - CDF အပါအဝင် ချင်း-မကွေး အစပ်ရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ဇူလိုင်လ ၁၄ ရက်နေ့ မှ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ အထိ ကြားဖြတ် တိုက်ခိုက်နေလျက် ရှိသည်။

ချင်း-မကွေး နယ်စပ်မှ အရပ်သားပြည်သူ နှစ်ထောင် နီးပါးသည် စစ်ဘေးရှောင်နေရပြီး၊ စစ်ကြောင်းမှာ လချီ ကြာမြင့်နိုင်သောကြောင့် စစ်ဘေးရှောင်များနှင့် ကာကွယ်ရေးတပ်ဖွဲ့များ အတွက် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေသည်။

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...