ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ဒီကနေ့ ဇွန်လ ၂၃ရက်နေ့ မနက်စော ၄နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ကျေးရွာနှစ်ရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နေအိမ်တော့ လေးလုံးလောက်ပျက်စီးတယ်။ ပြည်သူတစ်ဦးသေတယ် နှစ်ဦးဒဏ်ရာရတယ်ပြောတာပဲ။ ဒီမနက် တော့ ကျနော်တို့ အရှေ့ကနေ ကြားတာတော့ မနက် ၄နာရီဝန်းကျင်မှာ။ ကျနော်တို့ ဒီကနေဆိုရင်တော့ တော် တော်လေး အကျယ်ကြီးကြားရပါတယ်။ နှစ်ကြိမ်တောင်မှ။ အဲ့ဒီရွာက ပထမကြဲတဲ့ရက်က သူတို့ရွာနဲ့ တော် တော် အလှမ်းဝေးခါကျတော့ သူတို့ရွာက မထင်မှတ်ဘဲ ဒီမနက် လာကြဲခံရတော့ မရှောင်လိုက်မိဘူးလို့ ထင် တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ကျေးရွာနှစ်ရွာကို ဗုံးကြဲ တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲက ရွာတစ်ရွာကတော့ ဇွန်လ ၂၁ ရက်နေ့ ညသန်းခေါင်းယံအချိန်မှာ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာ ဟောင်းဖြစ်တယ်လို့ ဆိုပါတယ်။
ရွာရဲ့ နာမည်တွေကိုတော့ လုံခြုံရေးအရ မဖော်ပြပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။
ထပ်မံပြီး လေယာဉ်ကနေ ဗုံးကြဲခံရတဲ့ ကျေးရွာက ဒေသခံတွေဟာ ပထမရက်က ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် တောတောင်ထဲ သွားရောက်နေထိုင်ကြသူ တချို့ ရှိပေမယ့် ရွာမှာကျန်ရစ်ခဲ့သူလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲခံရတဲ့ကျေးရွာတွေမှာ စစ်ရှောင်ပြည်သူတွေလည်း ရှိပြီး အခုလို ဗုံးကြဲခံရတာကြောင့် ထပ်မံစစ်ရှောင်နေ ကြတယ်လို့ ဆိုပါတယ်။
“ကျနော်တို့လည်း တိုက်ပွဲမရှိတဲ့နေရာခါကျတော့ ပုံမှန်လုပ်နေကျခါဆိုတော့ သူတို့လည်း မထင်မှတ်ဘဲ ကြဲခံ ရတော့ မပြောတတ်တော့ပါဘူး။ သူတို့အရင်ကလည်း ရှောင်ဖို့နေရာက တောထဲမှာပြင်ထားတာရှိတယ်။ ဒါပေ မယ့် တိုက်ပွဲမရှိဘူးဆိုပြီးတော့ သူတို့ တချို့တွေက ပစ္စည်းတွေပြန်သိမ်းလာတယ်။ ဒီလိုဖြစ်တော့ တစ်ခါ ပြန် ရှောင်နေရတာပဲလေ။ သူတို့ စကစ ဗုံးကြဲတာလည်း အချိန် ပုံမှန်မဟုတ်တော့ဘူး။ ပထမတစ်ရက်က ည ၁၂ နာရီခွဲ သန်းခေါင်ယံကြဲတယ်။ ဒီမနက်ခါကျတော့ မနက် ၄ နာရီဝန်းကျင်လောက် တစ်ခါပြန်ကြဲတော့ သူတို့ မထင်မှတ်ဘဲ ကြဲခံထိတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် စစ်ရှောင်ကြတာမဟုတ်ဘဲ လေကြောင်းရန်ကို ကြောက်ကြတဲ့အတွက် တော တောင်ထဲ ကြိုတင်တိမ်းရှောင်နေကြသူတွေ ရှိနေသလို ရွာမှာ ကျန်ရစ်တွေအနေနဲ့လည်း ဗုံးခိုကျင်းတူးထားဖို့ လိုအပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ကြိမ်ရှိနေပြီလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။