တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရေး အလျင်စလိုမဖြစ်သင့်ဟု NMSP ဥက္ကဌပြော

တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရေး အလျင်စလိုမဖြစ်သင့်ဟု NMSP ဥက္ကဌပြော
by -
မွန်အေဂျင်စီ

တိုင်းရင်းသား ခေါင်းဆောင်များနှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးနိုင်ရေး အလျင်စလိုမဖြစ်သင့်ကြောင်း မွန်ပြည်သစ်ပါတီ(ဗဟို)က ကျင်းပသော (၆၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား အပြီးတွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

နိုင်ထောမွန်က “လက်မှတ်ထိုးတဲ့ ကိစ္စက အရင်လုပ်လို့ မရဘူး၊ UNFCရဲ့ အစီအစဉ်က မှန်တယ်လို့ ကျနော်တို့ မြင်တယ်၊ စည်းကမ်းသတ်မှတ်ချက် အရာအားလုံးက သေချာရမယ်၊ သေချာမှ လက်မှတ်ထိုးဖို့ကို စဉ်းစားရမယ်၊ ဆွေးနွေးမှုကလည်း တကယ့် စေတနာအမှန်နဲ့ လုပ်တယ်ဆိုရင် ကိစ္စက ပြီးနေပြီ၊ အခုဟာက လားရာ တည့်တည့်မတ်မတ်အတိုင်း မသွားဘူး၊ အချိန်ဆွဲနေတယ်လို့ပဲ ကျနော်တို့မြင်တယ်” ဟု ဆိုသည်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချက် ရလဒ်များကို အစိုးရဘက်မှ လက်ခံလာသော်လည်း စစ်တပ်ဘက်မှ လက်မခံသည့် သဘောထားများ တွေ့မြင်လာရပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ထိုးစစ်ဆင်လာကြောင်း၊ ၎င်းအပြုအမူတို့သည် အစိုးရ၏ နိုင်ငံရေးလှည့်ကွက်များသာ ဖြစ်ကြောင်း နိုင်ထောမွန်က ဆက်ပြောသည်။

အလားတူ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေမှုသည် တစ်ဆို့နေဆဲဖြစ်ကြောင်း၊ ယခုအချိန်သည် နိုင်ငံတကာမှ စောင့်ကြည့်သည့် အနေအထားတွင် တိုင်းရင်းသားအားလုံးအတွက် အခွင့်ကောင်း အချိန်ကောင်းဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်တွင်း နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့အစည်းတို့ ကြိုးပမ်းသွားရန် (၆၈)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားမိန့်ခွန်းတွင် နိုင်ထောမွန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူများအတွက်ဖြစ်သည့်အလျှောက် ပြည်သူများလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တတ်နိုင်သည့်ဘက်က ပါဝင်သင့်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် နိုင်ငံရေးပါတီ တစ်ခုထဲ၏ တာဝန်မဟုတ်ကြောင်း၊ ပြည်သူအားလုံး အမျိုးသမီးများ လူငယ်များ အားလုံးပါဝင်မှသာလျှင် မိမိတို့ပြည်သူများ လိုလားတောင့်တနေသည့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုသို့ အမြန်ဆုံးရောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး အတူတကွ လက်တွဲအကောင်အထည် ဖော်သွားကြရန် နိုင်ထောမွန်က ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီ ဦးစီးကျင်းပသည့် (၆၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာတွင် ဖေဖေါ်ဝါရီလ(၄)ရက် နံနက် ၈ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး ထောင်နှင့်ချီသော ဒေသခံပြည်သူများနှင့် ထိုင်းနိုင်ငံဖွား မွန်တိုင်းရင်းသားများ တက်ရောက်ခဲ့သည်။

အဆိုပါ (၆၈)ကြိမ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနားသို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ထံမှ ပေးပို့သော သဝဏ်လွှာများကိုလည်း အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ (ယခုနှစ် ဖေဖော်ဝါရီ ၄ရက်)တွင် ကျရောက်သည့် (၆၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မွန်တိုင်းရင်းသား ရောက်ရှိနေထိုင်ရာ မြို့ရွာတိုင်းနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလျှက်ရှိသည်။