ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် တပ်မတော် တပ်ဖွဲ့ တို့အကြား စက်တင်ဘာလ ၂၇ ရက်နေ့ မြဝတီမြို့၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း၏ အကျိုးဆက် စီးပွားရေးနှင့် နေထိုင်မှု ဘဝ ရိုက်ခတ်မှုများကို မြဝတီ မြို့ခံ အခြေခံ လူတန်းစားများ ပိုမို ခံရကြောင်း မြဝတီမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြဝတီမြို့ စီးပွာရေး လုပ်ငန်းရှင် များက ပြောသည်။
“ကုန်သည်တွေ လုပ်ငန်းရှင်တွေ ငွေရှင် ကြေးရှင် တွေကို ထိခိုက် တာလည်း ထိခိုက် ပါတယ်၊ ဒါပေမယ့် သူတို့ တွေက ချက်ခြင်း ထမင်း မငတ်ဘူး။ ဥပမာ ဆိုင်ကယ် တက္ကစီ သမားတွေ၊ စားသောက် ဆိုင်တို့၊ နေ့စား အလုပ်သမားတွေ စတဲ့ အခြေခံ လူတန်းစား တွေရဲ့ မိသားစု အတွက် ဝင်ငွေရဖို့ အလုပ် လုပ်ဖို့ မဖြစ်တော့ဘူး၊ သူတို့ တွေက ဒီမတည်မငြိမ် ဖြစ်မှုကို အခံ ရဆုံး လူတွေပါ” ဟု မြဝတီမြို့ အမှတ် (၁) ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနောင်က ပြောသည်။
ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီး အခြေအနေ မတည်ငြိမ်မှု အပေါ် ကုန်သွယ်ရေး ထိခိုက် မည်ကို စီးပွားရေး လုပ်ငန်းရှင် အချို့က စိုးရိမ် နေပြီး ကုန်သွယ်ရေး လမ်းကြောင်း၌ ကုန်စည် စီးဆင်းမှု လျော့နည်း သွားသော်လည်း ကုန်စည် စီးဆင်း နေဆဲ ဖြစ်ကြောင်းနှင့် ပုံမှန် ကုန်သွယ်ရေး လမ်းကြောင်း ပြတ်တောက် သွားသည် အထိ ရိုက်ခတ်မှု မရှိကြောင်း ဦးစိုးနောင်က ဆက်ပြောသည်။
ထိုသို့ နှစ်ဖက် တိုက်ခိုက်မှု၏ အကျိုးဆက် မတည် မငြိမ် ဖြစ်မှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ အခြား ပရိဘောဂ စသည့် လုပ်ငန်းငယ် များလည်း ဤရက်ပိုင်း အတွင်း လုပ်သား ရှားပါးမှု ပြသနာများကို ရင်ဆိုင် နေကြရကြောင်း မြဝတီ မြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ ဦးတင်ဦးက ပြောသည်။
“ကျွန်တော့် ဆီမှာတောင် အလုပ်သမားတွေ မနေ့က စပြီး အလုပ်မဆင်း ကြဘူး ၊ ဒီနေ့မှ လာပါ ဆိုပြီး ပြန်ခေါ်ရတယ်၊ တချို့ဆိုရင် သုံးရက်စလုံး အလုပ်မဆင်း ကြဘူးလေ။ ကုန်စည် နည်းတော့ နေ့စား ၊ အခေါက်စား အထမ်းသမားတွေ ထိခိုက်တယ်၊ ဒါ့ပြင်ကို ရန်ကုန်၊ မန္တလေး ကနေ၊ တောင်ကြီး ကနေ လာပြီး ဒီမှာ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ သစ်လုပ်ငန်း တွေမှာ လုပ်ကြတဲ့ အလုပ်သမား တွေဆို နေရပ် ပြန်တဲ့ လူတွေတောင် ရှိနေကြတယ်” ဟု ဦးတင်ဦးက ပြောသည်။
စက်တင်္ဘာလ ၂၉ရက်နေ့တွင် ဆိုင်အချို့ ပြန်ဖွင့်၍ ကုန်သွယ်မှု၊ ရောင်းဝယ်မှုများ ပုံမှန် လည်ပတ်ရန် ကြိုးစား နေကြ သော်လည်း မြို့ခံများ၏ စိတ်၌ အခြေအနေအား ထိတ်ထိတ် လန့်လန့်ဖြင့် စောင့်ကြည့်လျက် ရှိနေကြောင်းလည်း ဦးတင်ဦးက ဆက်ပြောသည်။
မြဝတီ မြို့သည် တစ်ဖက် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် ဆက်စပ် နေသည့် ထိုင်း-မြန်မာ နယ်စပ်မြို့ ဖြစ်ကာ မြန်မာ နိုင်ငံသို့ နယ်စပ် ဖြတ်ကျော်၍ သွင်းကုန်/ထုတ်ကုန် တင်ပို့သည့် လမ်းမကြောင်း ကြီးလည်း ဖြစ်သည်။
ထို့ပြင် လက်နက်ကိုင် အဖွဲ့ အများအပြား အခြေ စိုက်သည့် မြို့တစ်မြို့လည်း ဖြစ်ကာ မြဝတီ တစ်မြို့ တည်း၌ မြန်မာ အာဏာပိုင်များ အပါအဝင် လက်နက်ကိုင် အဖွဲ့များ၏ အကောက်ဂိတ်များ စုစုပေါင်း (၆၀) ကျော် ရှိကြောင်း ဦးတင်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် တပ်မတော် ယဉ်တန်းအား ချောင်းမြောင်း ပစ်ခတ်မှု သည်လည်း DKBA အဖွဲ့မှ လက်အောက်ခံ တပ်များအား ထိန်းချုပ် နိုင်မှု မရှိခြင်းမှစ၍ ပြသနာ ကြီးထွားသည် အထိ ဖြစ်လာ ရခြင်း ဖြစ်ကြောင်းလည်း မြဝတီမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးက သုံးသပ် ပြောဆိုသည်။
“ပြောရ ရင်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တွေက တစ်ကယ့် အစစ်အမှန် တွေက ဘယ်လောက်မှ မဟုတ်ဘူးဗျ၊ အောက်ခြေ မှာက လှောင့်နေတာ၊ ပြောရ ရင်တော့ မနေ့ တနေ့ကမှ သေနတ် ကိုင်ပြီး ၊ တော်လှန်ရေး သမိုင်း မှာလည်း မပါ ၊ ဟိုမရောက် ဒီမရောက် တွေက လုပ်လိုက်တဲ့ ကိစ္စလို့ပဲ ကျွန်တော် အဲလို မြင်တယ်” ဦးစိုးနောင်က သုံးသပ် ပြောဆို ခဲ့သည်။
ထို စက်တင်ဘာ (၂၇) ရက်နေ့ မြဝတီ မြို့၌ တပ်မတော် ယဉ်တန်းအား ချောင်းမြောင်း ပစ်ခတ် ခဲ့သူမှာလည်း ပစ်ခတ် စဉ်၌ ကရင် ပုဆိုး ဝတ်ထားသည့် လူတဦးမှ လက်နက်ကြီး အာပီဂျီမှ ပစ်ခတ် ခဲ့ခြင်း ဖြစ်ကာ ၎င်းလူမှာ DKBA တပ်မှ ဟုတ်မဟုတ် ဆိုသည် ကိုလည်း စုံစမ်းလျက် ရှိနေကြောင်း DKBA အဖွဲ့၏ မြဝတီမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။