တိုင်းရင်းသားများအဓိကလိုလားသော ဖက်ဒရယ်မူကို အစိုးရ လက်ခံ

တိုင်းရင်းသားများအဓိကလိုလားသော ဖက်ဒရယ်မူကို အစိုးရ လက်ခံ
by -
ခိုနူမ်းထုန်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဓိကလိုလားချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို  အစိုးရဘက်မှ သြဂုတ်လ ၁၅ရက်နေ့က သဘောတူ လက်ခံလိုက်ပြီဟုသိရသည်။

ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) တွင် သြဂုတ်လ ၁၅ရက်နေ့က ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့အကြား အပစ် အခတ်ရပ်စဲရေး စာချုပ် နှင့်ပါတ် သက်သည့် ပထမနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဘက်မှ ဖက်ဒရယ်မူကိုလက်ခံလိုက်ပြီဟု NCCT ခေါင်းဆောင် နိုင်ဟံသာ ကပြောသည်။

“ အဓိကအရေးကြီးဆုံးအချက်လို့ တိုင်းရင်းသားတွေဘက်က ခံယူထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်း တူရေး နဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အစိုးရဖက်က လက်ခံ လိုက်ပြီ” ဟု ယနေ့ တွေ့ဆုံ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ တွင် နိုင်ဟံသာကပြော ဆိုသည်။

တိုင်းရင်းသားဘက်မှ အဓိကလိုလားနေသော အရေးကြီးဆုံးအချက်ကို အစိုးရဘက်မှ သဘောတူ လက်ခံလိုက် ပြီဖြစ် သောကြောင့် ဆက်လက်ဆွေးနွေးသွားမည့်အ ချက်များ အပေါ် အလား အလာကောင်းသည်ဟု ၎င်းက ဆက်ပြော သည်။

“ အရေးကြီးဆုံးအချက်ကို နားလည်မှုရသွားပြီဆိုတော့ ကျန်တဲ့အချက်တွေအပေါ် နားလည်မှုရဖို့ မခဲယဉ်းတော့ဘူး၊ လုံးဝပြေလည် သွားပြီလားဆိုတဲ့အဆင့်ထိတော့ မရောက်သေး ဘူးပေါ့၊ ဒီနေ့က အခန်း ၁ အခန်း ၂ အထိ လောက်ဘဲ ဆွေးနွေးသေးတော့ ကျန်တဲ့အချက်တွေ ဆွေးနွေးဖို့ ကျန် ပါသေးတယ်၊ ဒါပေမယ့်ပေါ့လေ အရေးကြီးဆုံးအချက်ကို ဖြတ်ကျော်နိုင်ပြီဆိုတော့  အလားအလာကောင်း သွားပြီ’’ ဟု နိုင်ဟံသာ ကပြောသည်။

အစိုးရဘက်မှ တိုင်းရင်းသားများ လိုလားသောအချက်ကို လက်ခံပေးသကဲ့သို့ တိုင်းရင်းသားဘက် ကလည်း အစိုးရ၏ ဒို့ တာဝန်အရေး သုံးပါးကို လက်ခံပေးခဲ့သည်ဟု NCCT မှ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း ကပြောသည်။

“ ဒို့တာဝန်အရေးသုံးပါးဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တ့ံခိုင်မြဲရေး အဲဒါကိုကျနော်တို့က လက်ခံပေးတယ်’’ ဟု သူကပြောသည်။

ယခု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောစာချုပ် Sigle Text ဒုတိယမူကြမ်း အပေါ် အပြန်အလှန်ညှိနှိုင်းဆွေးနွေးနေခြင်းဖြစ်သည်၊

သြဂုတ်လ ၁၅ရက်နေ့ စတင်ကျင်းပသော UPWC နှင့် NCCT ဆွေးနွေးပွဲကို သြဂုတ်လ ၁၆ ရက်နေ့အထိ ကျင်းပကြမည်ဟု သိရပြီး ၁၇ ရက်နေ့ကို အရံရက်အဖြစ်သတ်မှတ်ထားသည်။

Most read this week