ရေးမြို့နယ် ၊ ကျောင်းရွာ ကျေးရွာနေ ပြည်သူ့စစ် ဒု- ခေါင်းဆောင် တဦးအား တားမြစ်ထားသော လက်နက်များ ကိုင်ဆောင်ထားခြင်းနှင့် လူထုအား အန္တရာယ် ပြုမူသည့် ပြောဆိုမှုများ ပြုလုပ် နေသဖြင့် ဖမ်းဆီး ထိမ်းသိမ်းလိုက်ကြောင်း အမည်မဖော် လိုသည့် စစ်ဖက် အရာရှိ တဦးက ပြောသည်
“ပြည်သူ့စစ် တစ်ယောက် ကိုင်လို့ မရတဲ့ လက်နက်တွေ ကိုင်ထား တာရယ်၊ လက်နက် အားကိုးပြီး ပြည်သူကို အန္တရာယ် ပြုမှုတို့ စတဲ့ ခြိမ်းခြောက် မှုတွေ လုပ်နေ တာကြောင့် ကျနော်တို့ ဒီလို လုပ်လိုက် ရတာ” ဟု စစ်ဖက် အရာရှိ က ပြောသည်။
ရေးမြို့နယ်၊ ကျောင်းရွာ ကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး (၄၅) နှစ်၏ နေအိမ်အား ယမာန်နေ့ မေလ ၂၁ ရက်နေ့ ညနေက ဝင်ရောက် ဖမ်းဆီးစဉ် လက်နက် အတိုအရှည် မျိုးစုံနှင့် လမ်းလျှောက် စကားပြောစက် များလည်း ဖမ်းဆီး ရမိ ခဲ့ကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန် ထားပါသည်။
ကျော်မျိုးလွင် (ခ) ဘိုင်လေး ထံမှ အမဲရောင် ပစ္စတို သေနတ် (၁) လက်၊ ကျည်ကတ် (၁) ခု၊ ၎င်းကျည်(၁၈) တောင့်၊ ပြောက်ကျား စတစ်ကာ ကပ်ထားသော M-16 မောင်းပြန် ရိုင်ဖယ် (၁) လက်၊ ၅.၅၆ ကျည် (၂၅) တောင့်၊ M-16 ကျည်ဘောက် အရှည် (၄) ခု ၊ M-16 ပြောင်း အပို (၃) ခု၊ ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74 Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး (၁) လုံးနှင့် 06-20-73 T စာတန်းပါ နာနတ်သီး ဗုံးသီး (၁) လုံး၊ ကာဘိုင် ကျည်ကတ် အတို/အရှည် (၄) ခု၊ ကာဘိုင်ကျည် (၃၄) တောင့်၊ ရ.၆၂ ကျည်(၇)တောင့်၊ 38 Special စတီးရောင်ကျည် (၄) တောင့်၊ 38 Special ကြေးရောင်ကျည် (၃) တောင့်၊ 38 စတီးရောင်ကျည် (၄) တောင့်၊ ကျည်ဖူး ဖြတ်ထားသော 38 Special ကျည်(၂) တောင့်၊ ၉ မမ ကျည် (၁၀) တောင့်၊ ၉ မမကျည်ခွံ (၁) ခု၊ ကိုးလုံးကျည် (၃) တောင့် စသည့် လက်နက်များ ဖမ်းဆီး ရမိ ခဲ့သည်။
ထို့ပြင် လက်ကိုင် စကားပြောစက် (၄) လုံး၊ အားသွင်းစက် (၁) လုံး၊ ဆက်သွယ်ရေးစက် တိုင်တို/ရှည် (၄) ခု၊ USA United State တံဆိပ်ပါ အစိမ်း/ အမဲရောင် ပစ္စတို ကျည်ထည့်အိတ် (၁) ခု၊ ပြောက်ကျား ခါးပတ် အိတ်အစိမ်းရောင် (၁) လုံး၊ Chemgfei တံဆိပ်ပါ အမဲရောင် အိတ်သေး (၁) လုံး၊ ကန္တာရ ပြောက်ကျား ခါးပတ်အိတ် (၁) လုံး တို့ အားလည်း ဖမ်းဆီး ရမိခဲ့ပါသည်။
ဖမ်းဆီးထားသော ကျော်မျိုးလွင် (ခ) ဘိုင်လေး အား ရေးမြို့နယ် ရဲစခန်းမှ တရားလို ပြု၍ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့် လည်းကောင်း၊ ကြိုးမဲ့ ကြေးနန်း အက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း စွဲချက် နှစ်ခု ဖွင့်ကာ အမှုဖွင့် အရေးယူ ထားပါသည်။
ဖမ်းဆီးရမိထားသည့် ကျော်မျိုးလွင် (ခ) ဘိုင်လေးအား မော်လမြိုင် ခရိုင် ရဲတပ်ဖွဲ့မှ ဆက်လက် စစ်ဆေးမှု ပြုလုပ် ပြီးနောက် စီရင်ချက်ချသွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသည့် စစ်ဖက် အရာရှိက ဆက်ပြောသည်။
“သူ့ကို (ကျော်မျိုးလွင် (ခ) ဘိုင်လေး) ကို မော်လမြိုင်ကို ခေါ်လာ နေပြီ၊ ဒီမှာ ဆက်စစ်မယ်၊ ပြီးရင် စီရင်ချက် ချသွားမယ်” ဟု ဆိုပါသည်။
ကျော်မျိုးလွင် (ခ) ဘိုင်လေး အား ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ တပ်ဖွဲ့ဝင်များ၊ ရေးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များနှင့် နယ်မြေခံ တပ်မှ တပ်မတော် သားများ ပူးပေါင်း၍ ဖမ်းဆီး ရမိ ခဲ့ခြင်း ဖြစ်သည်။