၂၀၁၄ သန်းခေါင်စာရင်းကောက်ခံမှုအပေါ် ချင်းအဖွဲ့ ဝေဖန်

၂၀၁၄ သန်းခေါင်စာရင်းကောက်ခံမှုအပေါ် ချင်းအဖွဲ့ ဝေဖန်
by -
ခိုနူမ်းထုန်

မကြာသေးခင်က ကောက်ခံခဲ့သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အားနည်းချက်အမြောက် အများ ရှိနေသည်ဟု ဝေဖန်ကာ ယင်းသန်းခေါင်စာရင်းကောက် ခံမှုရလဒ်ကို အခြေခံကာ လူမျိုးကြေညာခြင်း များမပြုလုပ်ရန် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီက တောင်းဆိုလိုက် သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မေလ ၉ ရက်နေ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ သန်းခေါင် စာရင်း ဆိုင်ရာ ချင်းအမျိူးသားအထောက်အကူပြုကော်မတီကတောင်းဆိုလိုက်ခြင်းဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီက ချင်းလူမျိုးများအများဆုံး နေထိုင်ကြ သော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့တွင် သန်းခေါင်စာရင်း ကောက် ယူမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များကို မြို့နယ်တစ်ခုလျှင် အဖွဲ့ဝင် ၃ဦးပါသည့် အဖွဲ့တစ်ဖွဲ့နှုန်းဖြင့် လေ့လာ စောင့်ကြည်ခဲ့ပြီး အိမ်ထောင်စုပေါင်း ၉၉၇ ခုကို မေးမြန်းမှုများပြုလုပ်ကာလေံလာ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့၏လေ့လာတွေ့ရှိချက်များအရ သန်းခေါင်စာရင်းကောက်ခံမှုတွင် ချင်းလူမျိုးများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အားနည်းချက် အချက်ပေါင်း ၂၂ ချက် တွေ့ရှိခဲ့ ရကြောင်း ချင်းသန်းခေါင်စာရင်းကော်မတီမှ ဆလိုင်းကျဲအိုဘိခ်ထောင် ကပြောသည်။

“ဗဟိုသန်းခေါင်စာရင်းကော်မရှင်အထက်ပိုင်းကနေပြီးတော့ ညွန်ကြားမှုနဲ့ပညာပေးမှုပိုင်းဆိုင်ရာမှာ အားနည်းချက် ရှိတာပေါ့ဗျာ၊ စာရင်းကောက်တဲ့သူတွေကလည်း လုပ်ငန်းကို သေသေချာချာ ဂဃဏနနဲ့ နားမလည်လိုက်ကြဘူးဗျ၊ မေးမြန်းတဲ့အခါမှာလည်း ရှင်းရှင်းလင်းလင်းနဲ့ စာတတ်မြောက်မှုမရှိတဲ့ ဒေသခံအများစုကို နား လည်နိုင်အောင် မေးခွန်းကို ပြည့်ပြည့်စုံစုံမေးမြန်းခြင်းမရှိဘူး ဆိုတဲ့ဟာကိုတွေ့ရ ပါတယ်၊ ဥပမာ လူမျိုးနဲ့ကိုးကွယ် သည့်ဘာသာ ဆိုတဲ့ဟာကို တော်တော်များ များနေရာမှာ မမေးတော့ဘူးဗျ၊ အဲဒါတွေက အရေးကြီးတဲ့ဟာတွေပေါ့၊ နောက်ပြီးတော့ မေးခွန်းနံပါတ် ၄၀ မှာ နိုင်ငံခြားကိုရောက်ရှိနေတဲ့ ကိုယ့်ရဲ့ မိသားစုဝင်တွေဆိုတဲ့ အပိုင်းမှာလည်း မေးခွန်းအကွက်က မဆံ့ တော့ဘူးဆိုပြီး မထည့် တဲ့အပိုင်းတွေလည်းရှိတယ်၊ ပေါ့ပျက်ပျက်နဲ့လုပ်ထားတဲ့အပိုင်းတွေရှိတယ်ပေါ့ဗျာ’’ ဟု သူက ပြော သည်။

ထို့အပြင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှ သန်းခေါင်စာရင်းထည့်သွင်းရန် ပြန်လာကြသော ချင်းလူမျိူး အမျာစုသည်လည်း သန်းခေါင်းစာရင်းတွင် ထည့်သွင်း ခွင့်မရခဲ့ကြကြောင်း ၎င်းကဆက်ပြောသည်။

“မီဇိုရမ်ပြည်နယ်က ချင်းအမျိုးသားတွေက သန်းခေါင်စာရင်းထည့်ဖို့လာတဲ့သူတွေရှိတယ်၊ အဲဒါတွေကိုတောင်မှ စာရင်း ကောက်တွေက ခင်ဗျားတို့မပါဘူးဆိုပြီး မထည့်တဲ့အပိုင်းတွေရှိတယ်၊ သန်းခေါင်စာရင်းရဲ့အနှစ်သာရက နိုင်ငံ သားဖြစ်ခြင်း မဖြစ်ခြင်းနဲ့မဆိုင်ဘူး၊ အိမ်ထောင်စုစာရင်းနဲ့မှတ်ပုံတင်နဲ့လည်းမဆိုင်ဘူး၊ ကလေးမြို့မှာဆို လို့ရှိရင် လူကိုမ မေးတော့ဘဲနဲ့ အိမ်ထောင်စုစာရင်းကိုတောင်းပြီးတော့ အိမ်ထောင်စုစာရင်းအတိုင်းဖြည့်ပေးတဲ့ ဟာ မျိုးတွေရှိ တယ်"

"တကယ်တမ်းက သန်းခေါင်စာရင်းနဲ့အိမ်ထောင်စုစာရင်းကဘာမှမဆိုင်ဘူး၊ အဲဒါတွေသူတို့နားမလည် ဘူး စာရင်းကောက်တွေကလေ၊ စာရင်းကောက်တွေနားမလည်တာက သူတို့ကကျောင်းဆရာတွေ ကိုး ဘယ်နား လည်မ လဲ၊ အဓိကကတော့ တာဝန်ရှိတဲ့ သူတွေက သေချာမရှင်းပြနိုင်လိုက်တာဖြစ်တယ်၊ ဥပမာ မီဇိုရမ်ကနေ လာတဲ့ချင်း တွေလည်း အထည့်ခံရမှာပေါ့၊ ဒါက နိုင်ငံသားတွေဘဲ အထည့်ခံရမှာမှမဟုတ်တာ၊ ဆိုလိုတာက သန်းခေါင် စာရင်း ကောက်တဲ့သူတွေက သန်းခေါင်စာရင်းရဲ့ ပေါ်လစီကို နားလည်မှုအားနည်းနေတယ်’’ ဟုခိုနူမ်းသုန် သတင်း ဌာနကို သူကပြောပြသည်။

ယခုကဲ့သို့ အားနည်းချက်အမြောက်အများရှိနေခြင်းကြောင့် သန်းခေါင်စာရင်းကောက်ခံမှုကိုအခြေခံကာ ချင်းလူမျိူး များ ဘယ်နှစ်မျိူးရှိကြောင်း၊ မျိူးနွယ်စုပေါင်း မည်မျှရှိကြောင်း တို့ကို သက်ဆိုင်ရာအစိုးရအနေဖြင့် ထုတ်ပြန်ကြေ ညာခြင်းများ မပြုလုပ်ရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

“ဘာကြောင့်လဲဆိုတော့ ဒီသန်းခေါင်စာရင်းကနေထွက်လာတဲ့ရလဒ်ကိုဘဲ အခိုင်အမာယူပြီးတော့ လူမျိူးကြေညာ လို့ရှိရင် ကျနော်တို့လူမျိူးအတွက် အကောင်းထက် အဆိုးကပိုများမယ်လို့ ယူဆထားပါတယ်၊ ချင်းမှာက မျိူးနွယ်စု ၅၃ မျိူးရှိတယ် ပေါ့ဗျာ သူတို့လုပ်ထားတဲ့ဟာက သန်းခေါင်စာရင်းရဲ့မေးခွန်းလွှာမှာပါတဲ့ ဟာက ၅၃ မျိူးကို ချပြပြီးတော့မှ လိုင်မီးနွယ်စု ဘယ်လောက်ရှိတယ်၊ ဇိုမီးနွယ်စုဘယ်လောက်ရှိတယ်၊ ချင်းမျိူးနွယ်စုဘယ်လောက်ရှိတယ် ချပြပြီး တော့မှ သူတို့မေးခွန်း မေးတဲ့ဟာ ကလည်း ခုနပြော သလို တချိူ့နေရာမှာ မေးကိုမမေးဘူး လူမျိူး နဲ့ ဘာသာကို သူတို့ဟာသူတို့ ဖြည့်ထားတဲ့ အပိုင်းတွေများတဲ့အခါကျ တော့ မလို အပ်တဲ့ပြသနာတွေဖြစ် သွားမယ်’’ ဟု ပြော သည်။

မြန်မာနိုင်ငံ ဗဟိုသန်းခေါင်စာရင်း ကောက်ယူမှုကော်မတီအနေဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားနိုင်ငံရေးပါတီ၊ လွှတ်တော် ကိုယ်စားလှယ်၊ ဒေသတွင်းအဖွဲ့အစည်းများ နှင့် အရင်ညှိနှိုင်းပြီးမှသာ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ မျိုးနွယ်စု ဦးရေ၊ အမည်နာမများကို ကြေညာသင့်သည်ဟု ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအ မျိုးသားအထောက်အကူပြု ကော် မတီက အကြံပြုထောက်ပြထားသည်။

Most read this week