စာရင်းစစ် စာရင်းကောက် များကို ငွေကြေးထောက်ပံ့

စာရင်းစစ် စာရင်းကောက် များကို ငွေကြေးထောက်ပံ့
by -
အေမီအောင်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် သန်းခေါင်စာရင်းကောက် စာရင်းစစ်များကို ငွေကြေးထောက်ပံ့ပေးနေ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုပြည်နယ်မှူး ပြောသည်။

စာရင်းစစ် စာရင်းကောက် ရ၀၀ ကျော်ခန့်ကို  မတ်လ ဒုတိယအပတ်တွင် ငွေထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုပြည်နယ်မှူး ဦးဝင်းရဲထွန်း ကဆိုသည်။
 
“ UN က လည်းပေးတာရှိသလို၊ ကျနော်တို့လည်း စာရင်းစစ် တစ်ဦး ၄၀၀၀ နဲ့ စာရင်းကောက် တစ်ဦး ၃၀၀၀ နှုန်း နဲ့ပေးခဲ့တယ် ” ဟုဆိုသည်။

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ UNFPA မှ စာရင်းကောက် တစ်ဦး ၆၀၂၀၀ ကျပ်၊ စာရင်းစစ် တစ်ဦး ၆၉၀၀၀ ကျပ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့့အင်အားဦးစီးဌာန မှ သန်းခေါင်စာရင်း ၁၂ ရက်တာ ကာလအတွက် စာရင်းကောက်တစ်ဦးလျှင် ၃၆၀၀၀ ကျပ်၊ စာရင်းစစ် တစ်ဦးလျှင် ၄၈၀၀၀ ကျပ်ထောက်ပံ ပေးနေခြင်းဖြစ်သည်ဟုဆိုသည်။

စာရင်းစစ်တဦးဖြစ်သူ ဦးသန်းထွန်းအေး က  “ လ.ဝ.က ပေးတာရယ်၊ UN ကပေးတာဆိုပြီး စာအိတ်၂ အိတ်ခွဲ ပြီး ပေးခဲ့တယ်” ဟုပြောသည်။

စာရင်းကောက် ဒေါ်စုမမ ကလည်း  “ သင်တန်းပထမရက်မှာ ကျမတို့ကို ဖောင်ဖြည့်ခိုင်းတယ်၊ သင်တန်း နောက်ဆုံးရက်မှာ ပိုက်ဆံထုတ်ပေးခဲ့တယ်” ဟုပြောသည်။

အလားတူ သံဖြူဇရပ်မြို့မှ စာရင်းစစ် ဒေါ်လှလှဝင်း က “ လဝက ပေးတာက ၄၇၀၀၀ နဲ့ ကမ္ဘောဇဘဏ် ကနေလွှဲပေးလိုက်တာက ၆၉၀၀၀ သင်တန်း စတဲ့နေ့က ရခဲ့တယ်” ဟုဆိုသည်။

သို့သော် ထောက်ပံ့ငွေများကို  စာရင်းစစ်၊ စာရင်းကောက်များ အတွက်သာ ထုတ်ပေးခဲ့ပြီး၊ အရံ စာရင်းစစ်၊ စာရင်းကောက်များကိုမူ ငွေကြေးထောက်ပံ့ခဲ့ခြင်း မရရှိကြောင်းသိရသည်။

ထိုထောက်ပံ့ငွေများ (၈၀) ရာခိုင်နှုန်း ကို စာရင်းစစ်၊ စာရင်းကောက်များကိုပေးခဲ့ခြင်းဖြစ်ပြီး၊ ကျန်ရှိနေသည့် ၂၀ ရာခိုင်နှုန်းကို ဧပြီလတွင် ထပ်မံပေးသွားမည်ဟု ဆိုသည်။

မော်လမြိုင်ခရိုင်တွင် အိမ်ထောင်စုကောက်ကွက်ပေါင်း ၁၈၅၀ ကွက်၊ အဖွဲ့အစည်းကောက်ကွက် ၁၃၀  ကွက်၊ မော်လမြိုင်မြို့တွင် အိမ်ထောင်စု ကောက်ကွက်ပေါင်း ၄၀၆ ကွက်နှင့် အဖွဲ့အစည်းကောက်ကွက် ရ၁ ကွက်ရှိသည်။

Most read this week